၂၀၁၉ ခုနှစ် အခွန်ကောက်ခံမှုရလဒ်အရ ပြည်တွင်းယမကာထုတ်လုပ်ရေးအသင်းဝင်ကုမ္ပဏီတွေက ထိပ်သီးအခွန်ထမ်း (၁၀) ဦးမှာ ပါဝင်ခဲ့ပြီး၂၀၁၉-၂၀၂၀ စည်းကြပ်နှစ်အတွက် ပြည်တွင်းယမကာလုပ်ငန်းက ကျပ်ဘီလီယံ ၂၀၀ တိုးမြှင့် အခွန်ပေးဆောင်ခဲ့တယ်လို့ ယမကာထုတ်လုပ်ရောင်းချသူတွေက ပြောလိုက်ပါတယ်။
လက်ရှိ အရက်တင်သွင်းမှု ဥပဒေမှာ တရားမဝင်မှောင်ခိုဈေးကွက်ကို ဟန့်တားနိုင်ခြင်းမရှိသေးဘဲ ဝိုင် မှောင်ခိုဈေးကွက်ကို မဖြေရှင်းနိုင်တဲ့အပြင် နယ်စပ်တွေက တစ်ဆင့် အခွန်အခမပေးဆောင်ပဲ အရက်မှောင်ခိုတင်သွင်းနေတာတွေ့ရတယ်လို့ ပြည်တွင်းယမကာထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း (MLA) အတွင်းရေးမှူး ဦးဝင်းသော်က ပြောပါတယ်။
ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ ဘဏ္ဍာငွေဟာ ကျပ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးနေပြီး အခွန်အခပေးဆောင်ခြင်းမရှိတဲ့ တင်သွင်းသူတွေကို ပိုမိုတင်းကြပ်တဲ့ နည်းဥပဒေချမှတ် ထိန်းချုပ်ဖို့ ပြည်တွင်းယမကာ ထုတ်လုပ်သူတွေ က တောင်းဆိုထားတာပါ။
“ သွင်းလာတဲ့ကုန်တွေကိုစနစ်တကျအခွန်ကောက်ခံပြီးသွင်းရင် တရားသောယှဉ်ပြိုင်မှုဖြစ်တာပေါ့။ အခု နိုင်ငံခြားကနေ အခွန်လွတ်နဲ့ တင်သွင်းတာ တအားများလာရင် ကျွန်တော်တို့လည်း ရောင်းအားကျလာမှာ။ ဒါကြောင့် အစိုးရက ထိန်းချုပ်ဖို့ ကျွန်တော်တို့က တောင်းဆိုတာပါ” MLA အသင်း ဥက္ကဌ ဦးစိုးလွင်ကပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းယမကာတွေကို အစိုးရရဲ့ စံချိန်စံနှုန်းတွေနဲ့ အညီ ထုတ်လုပ်ရောင်းချနေပြီး နိုင်ငံတကာအဆင့်မီတဲ့ ကုန်ပစ္စည်းတွေဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
“ ကျွန်တော်တို့ရဲ့ ပြည်တွင်းယမကာတွေကိုလည်း နိုင်ငံတကာအဆင့်မီရောင်းချနိုင်အောင်လုပ်မယ်။ အခုဆိုရင် ကုမ္ပဏီကြီးတွေက နိုင်ငံခြားတွေမှာ အရက်ချက်စက်ရုံတွေမှာ သွားရောက်လေ့လာနေတာတွေရှိပါတယ်။ ဒါ့အပြင် ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ Grand Royal Group ရဲ့ ထုတ်ကုန်တွေက နိုင်ငံတကာဆုတံဆိပ်တွေ ရထားပါတယ်” လို့ MLA အတွင်းရေးမှူး ဦးဌေးလွင်က ပြောခဲ့ပါတယ်။