၂၀၂၀နှစ်သစ်ရဲ့ နှစ်အစ ဇန်နဝါရီလ (၁)ရက်နေ့မှာထွက်ရှိတဲ့ (၁၁)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကိုတော့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မိသားစုတစ်စုက ဆွတ်ခူးခဲ့ပါတယ်။
ကံထူးခဲ့တဲ့ မိသားစုက မြိတ်မြို့မှာ အထည်ရောင်းချတဲ့သူတွေဖြစ်ပြီး ရတနာသိန်းထိုက်အောင် ထီဆိုင်က (၃)စောင်တွဲကံစမ်းခဲ့ရာကနေ င- ၂၀၄၅၈၈ နံပတ်နဲ့ သိန်းတစ်သောင်းခွဲဆုကြီးကို ကံထူးခဲ့တာဖြစ်ပါတယ်။
photo -မေတ္တာတံခွန် ထီရောင်းဝယ်ရေး
“သူတို့က ကျွန်တော်တို့ဆိုင်က လတိုင်းထီထိုးနေကြ။ အလုပ်ကတော့ မိသားစုဈေးထဲမှာအထည်ရောင်းတာ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၄)ရက်နေ့ကမှ ယောကျာ်းဖြစ်သူက ဒီလအတွက်ထီလာထိုးသွားတာ။ သူထိုးတာက (၃)စောင်တွဲ (၄)အုပ်ထိုးတာ။ အဲဒီထဲကမှ သိန်းတစ်သောင်းခွဲဆုကံထူးသွားတာ” လို့ မြိတ်မြို့ ရတနာသိန်းထိုက်အောင်ထီဆိုင်မှကိုယ်စားလှယ် ကိုစိုးမင်းသူက Duwun ကိုပြောပါတယ်။
သိန်းတစ်သောင်းခွဲကံထူးရှင် မိသားစုထံကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း
“ ရုတ်တရက် ထီဆိုင်ကနေဖုန်းဝင်လာတော့ ကိုယ့်ဘာသာကို မယုံဘူး။ သိန်းတစ်သောင်းခွဲပေါက်တယ်ပြောတော့ ဝမ်းသာတာတော့အတိုင်းမသိပေါ့။ ထီကတော့အမြဲတန်းထိုးတယ်။ (၅)သောင်းဆု (၂)ခါပေါက်ဖူးတယ်။ အခုထီဆုကြီးပေါက်ပြီဆိုတော့ ကျွန်မတို့က ကိုယ်တိုင်ကလည်းမချမ်းသာဘူး။ အခက်အခဲတွေကို အရမ်းဖြေသိမ့်ခဲ့ရတယ်။ အဲဒါကြောင့် မရှိတဲ့မိဘမဲ့ကျောင်းတွေ၊ ဆင်းရဲတဲ့ဘုန်းကြီးကျောင်းတွေကိုလှူမယ်။ ကိုယ်အငယ်တုန်းကမဖြစ်ခဲ့တဲ့အရာတွေကို သားသမီးတွေကိုဖြည့်ဆည်းပေးမယ်” လို့ ကံထူးရှင် ဒေါ်အေးအေးမိုးကပြောပါတယ်။
photo -မေတ္တာတံခွန် ထီရောင်းဝယ်ရေး
(၁၁)ကြိမ်မြောက် သိန်းတစ်သောင်းခွဲ ကံထူးရှင် မိသားစုဟာ မြိတ်မြို့၊ ခရူတော၊ဗိုလ်ဗထူး(၃)လမ်းမှာနေထိုင်တဲ့ ဦးဂျပန်၊ ဒေါ်အေးအေးမိုး မိသားစုပင်ဖြစ်ပါတယ်။ သူတို့မိသားစုမှာ အသက်(၇)နှစ်အရွယ်သားတစ်ယောက်၊ အသက် (၁)နှစ်နဲ့(၈)လအရွယ်သားတစ်ယောက်နဲ့ မိဘနှစ်ပါးနဲ့အတူ မိသားစု(၆)ယောက်အတူနေထိုင်တာဖြစ်တယ်လို့သိရပါတယ်။ ကံထူးရှင်မိသားစုက အရင်ကတည်းမပြည့်စုံခဲ့တဲ့ မိသားစုဖြစ်လို့ အခုထီဆုကြီးပေါက်တဲ့အခါမှာလည်း မရှိဆင်းရဲတဲ့နေရာတွေမှာ အလှူအတန်းတွေပြုလုပ်သွားမယ်လို့သိရပါတယ်။