နီပေါနိုင်ငံ လုဗ္မနီမှာ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်တုကို ထားရှိသွားမယ်လို့ သိရပါတယ်။
Photo- United Nations
ရုပ်တု ဖွင့်ပွဲအခမ်းအနားကို မေလ ၁၇ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး နီပေါသမ္မတ ဘီဒီယာဒေဗီဘန်ဒါရီနဲ့ အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးလည်း တက်ရာက်သွားမယ်လို့ ဆိုပါတယ်။ ဦးသန့်ဟာ ၁၉၆၇ ခုနှစ် ဧပြီလက လုဗ္မနီကို သွားရောက်လည်ပတ်ခဲ့ဖူးပြီး အပြည်ပြည်ဆိုင်ရာ ဘုရားဖူးနေရာအဖြစ် တိုးတက်ဖွံဖြိုးလာအောင်ပြုလုပ်ဖို့ ပထမဆုံးအကြံပေးခဲ့သူဖြစ်တယ်လို့ ဒေါက်တာသန့်မြင့်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
လုဗ္မနီကို ဦးသန့် ဘုရားဖူးရောက်ရှိလာပြီးနောက် နီပေါဘုရင် မာဟန်ဒြာနဲ့ တွေ့ဆုံပြီး ကုလသမဂ္ဂနဲ့ နီပေါအစိုးရတို့ ပူးပေါင်းကာ လုဗ္မနီဒေသ ပြန်လည်ရှင်သန်ထွန်းကားရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဦးဆောင်မှုနဲ့ လုဗ္မနီငြိမ်းချမ်းရေးတူးမြောင်းကြီးကို ၁၉၈၅ ခုနှစ်မှာ တူးဖော်ဆောက်လုပ်ကာ ငြိမ်းချမ်းရေးမီးတိုင်ကိုလည်း ထွန်းညှိပေးခဲ့ဖူးပါတယ်။
လုဗ္မနီဒေသကို ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သဘောထားကြီးခြင်းကို ကိုယ်စားပြုသည့် သင်္ကေတနေရာ ဖြစ်လာစေရန် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ဦးသန့်ကို အစွဲပြုပြီး အမည်ပေးထားတဲ့ တစ်ခုတည်းသောလမ်းမှာ ဟားခါးမြို့၊ ချင်းပြည်နယ်မှာရှိတယ်လို့ သိရပါတယ်။ ဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ပြီး အာရှနိုင်ငံသားတွေထဲမှာ ပထမဆုံးရွေးချယ်ခံရတဲ့ ကုလသမဂ္ဂအကြီးအကဲလည်း ဖြစ်ပါတယ်။