ဆော်ဒီကလပ် အယ်လ်နာဆာဟာ လာမယ့်ရာသီသစ်အတွက် Nike က ထုတ်လုပ်ဖန်တီးပေးထားတဲ့ ဂျာစီသစ်ကို ဝတ်ဆင်သွားတော့မှာ ဖြစ်ပါတယ်။ အယ်လ်နာဆာနဲ့ နာမည်ကျော်အားကစားကုမ္ပဏီတို့ဟာ ဂျာစီစပွန်ဆာအတွက် သဘောတူညီခဲ့ကြပြီး ရာသီကြိုခြေစမ်းပွဲတွေမှာပဲ ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။
အယ်လ်နာဆာမှာ ရော်နယ်ဒို ရှိနေမှု၊ ဆော်ဒီလိဂ်ရဲ့ ကစားသမားကောင်းတွေကို ဆက်တိုက်ခေါ်ယူနေမှုတွေက နာမည်ကျော် အားကစားကုမ္ပဏီတွေကိုပါ မျက်စိကျလာစေခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီလိဂ်အပေါ် ပရိသတ်စိတ်ဝင်စားမှုကလည်း မြင့်တက်လာတဲ့နောက်မှာ အခုလိုမျိုး ပူးပေါင်းမှုတွေကို ထပ်မံမြင်တွေ့ရဖွယ် ရှိပါတယ်။
Nike ဟာ ရော်နယ်ဒိုနဲ့လည်း လက်တွဲထားခဲ့တာဖြစ်ပြီး ပေါ်တူဂီသားရဲ့ ပရိသတ်တွေကတော့ သူတို့ကစားသမားရဲ့ အရှိန်အဝါကြောင့် အခုလိုဖြစ်လာတာလို့ ယူဆနေပါတယ်။ ပေါ်တူဂီသတင်းစာ Record ကလည်း အလားတူရေးသားခဲ့ပြီး ရော်နယ်ဒိုရဲ့ အကျိုးသက်ရောက်မှုလို့ သတင်းခေါင်းစဉ်လုပ် ဖော်ပြခဲ့ပါတယ်။
အယ်လ်နာဆာကတော့ ရာသီသစ်မတိုင်ခင် ခြေစမ်းတွေအဖြစ် ပေါ်တူဂီနဲ့ ဂျပန်ကို သွားရောက်မှာဖြစ်ပါတယ်။ ပေါ်တူဂီမျာတော့ ဆယ်လ်တာဗီဂို၊ ဘင်ဖီကာတို့နဲ့ ခြေစမ်းပွဲကစားပြီး အဲဒီနောက် ဂျပန်မှာ ပီအက်စ်ဂျီ၊ အင်တာမီလန်တို့နဲ့ ထပ်မံကစားသွားမှာ ဖြစ်ပါတယ်။
အဲဒီနောက် ဇူလိုင်လ နောက်ဆုံးပတ်မှာ King Salman ဖလားပွဲအဖြစ် ကစားသွားဖို့ရှိပါတယ်။ ရော်နယ်ဒိုကတော့ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ အသင်းနဲ့ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်ခန်းဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။