မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းက လူငယ်ကြယ်ပွင့်ကစားသမားလေး ဆန်ချိုကို ဝယ်ယူဖို့အတွက် အသင်းက ကစားသမား (၂)ဦးကို ပြန်လည်ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Don Balon ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဆန်ချိုကို ဝယ်ယူဖို့အတွက် လိုအပ်တဲ့ ငွေကြေးကို အဆိုပါကစားသမား(၂)ဦးကို ပြန်လည်ရောင်းချပြီး ရှာဖွေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ပြန်လည်ရောင်းချမယ့် ကစားသမား နှစ်ဦးကတော့ အလက်ဆစ်ဆန်းချက်ဇ် နဲ့ ရိုမီလူလူကာကူတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကစားသမားနှစ်ဦးဟာ အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူတွေဖြစ်ပြီး မျှော်လင့်တကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပြီးနောက်မှာ အသင်းက ပြန်လည်ရောင်းချဖို့ စီစဉ်လာတာလည်း ဖြစ်ပါတယ်။
အသက် (၁၈)နှစ်အရွယ် ဆန်ချိုဟာ ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက လူငယ်ကစားသမား ဖြစ်ခဲ့ဖူးပြီး မန်စီးတီးအသင်းကြီးမှာ ပုံမှန်ကစားခွင့်မရှိခဲ့တဲ့နောက်မှာ ဒေါ့မွန်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်မှာတော့ ဆန်ချိုက ခြေစွမ်းပြကစားနေခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာပြိုင်ပွဲစုံ ပွဲပေါင်း (၃၀) ကစားပေးခဲ့ပြီး သွင်းဂိုး (၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၃)ကြိမ် ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ အင်္ဂလန်လူငယ်ကစားသမားလေးကို ခေါ်ယူဖို့ တော်တော်လေးစိတ်ဝင်စားနေပြီး ဆန်ချိုအတွက် ဒေါ့မွန်တောင်းဆိုမယ့် ဈေးနှုန်းက များပြားနေတာမို့ အခက်တွေ့နေရတယ်လို့လည်း သိရပါတယ်။ ဒေါ့မွန်က ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၁၅၀)ခန့်အထိ တောင်းဆိုဖွယ် ရှိနေတယ်လိုု့လည်း သိရပါတယ်။
ဒါကြောင့် ယူနိုက်တက်ဘက်က ဆန်းချက်ဇ် နဲ့ လူကာကူကို ပြန်လည်ရောင်းချပြီး ငွေကြေးရှာဖွေမယ့် သတင်းက ဖြစ်နိုင်ဖွယ်ရာ ရှိတယ်လို့ သုံးသပ်ရပါတယ်။ နောက်ထပ်ဖြစ်နိုင်ဖွယ်ရာ အလားအလာကတော့ တကယ်လို့သာ ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်အမြဲတမ်း နည်းပြရာထူးကို ရရှိခဲ့မယ်ဆိုပါက အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဆန်းချက်ဇ် နဲ့ လူကာကူကို ပြန်လည်ရောင်းချသွားဖွယ် ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။
ဆန်းချက်ဇ်ကတော့ အာဆင်နယ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက် အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လူကာကူကတော့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးရာသီမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ရုန်းကန်နေခဲ့ရပြီး အဓိကတိုက်စစ်မှူးနေရာကို ရက်ရှ်ဖို့ဒ်ထံ လွှဲအပ်ပေးခဲ့ရသူ ဖြစ်ပါတယ်။