ဟာဇက်ကိုခေါ်ယူဖို့ ဝက်စ်ဟမ်းတို့ ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ကြိုးစားခဲ့တာပါ။

ဝက်စ်ဟမ်းဟာ ရီးရဲယ်မက်ဒရစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား ဟာဇက်ကို အောက်စျေးနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သိရှိရပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ ဝက်စ်ဟမ်းက ပုံစံကောင်းတွေ ဆက်တိုက်ပြသနေပြီး ပြိုင်ပွဲစုံမှာ မန်စီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီးတို့ကို အနိုင်ရရှိခဲ့ကာ ယူရိုပါလိဂ်မှာလည်း နောက်တဆင့်ကို လွယ်လွယ်ကူကူနဲ့ တက်ရောက်နိုင်ခဲ့တာပါ။ 



ဟာဇက်နဲ့ပတ်သက်လို့ ရီးရဲယ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်က စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သူ့ကိုရောင်းချဖို့ အသင်းတာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ သိရှိရပါတယ်။ စပိန်သတင်းစာ El Nacional ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းဟာ ဟာဇက်အတွက် ပေါင် (၂၁) သန်းနဲ့ ကနဦးကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့် ရီးရဲယ်မက်ဒရစ်ကတော့ ဟာဇက်အတွက် ပြောင်းရွှေ့ကြေးအနည်းဆုံး ပေါင် (၄၃) သန်းအထိ အလိုရှိနေတာကြောင့် ဝက်စ်ဟမ်းရဲ့ချဥ်းကပ်မှုကို ချက်ချင်းဆိုသလို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ်ကလည်း ဟာဇက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

ပိုင်ရှင်သစ်လက်ထက်မှာ ငွေကြေးအများအပြား သုံးစွဲဖို့ ပြင်ဆင်ထားတဲ့ နယူးကာဆယ်ဟာ ဟာဇက်အတွက် မက်လောက်စရာ ငွေကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ငြင်းဆန်ခဲ့တယ်လို့ El Nacional က ဖော်ပြပါတယ်။

ရီးရဲယ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကိုယ်တိုင်က ဟာဇက်သာ အသင်းကထွက်ချင်ရင် ထွက်ခွာနိုင်တယ်လို့ဆိုထားပေမယ့် ကစားသမားကတော့ တန်းဆင်းဇုန်အတွက် ရုန်းကန်နေရတဲ့ အသင်းကို သွားလိုတဲ့ ဆန္ဒမရှိပါဘူး။

ဟာဇက်ဟာ အသင်းဟောင်း ချဲလ်ဆီးရှိရာ လန်ဒန်ကိုသာ ပြန်သွားလိုပြီး ချဲလ်ဆီးအနေနဲ့ ဟာဇက်ကို ပြန်ခေါ်လိုပေမယ့် ကစားသမားရဲ့ ကြံ့ခိုင်မှုမှတ်တမ်းကြောင့် အနည်းငယ် လက်တွန့်နေပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ဟာဇက်အတွက် ယူရိုသန်း (၁၀၀) အသုံးပြုခဲ့ရတာဖြစ်ပေမယ့် ကစားသမားကတော့ ပြောင်းရွှေ့ကြေးနဲ့ ညီမျှတဲ့ခြေစွမ်းကို မပြသနိုင်ခဲ့ဘဲ အသင်းက ထွက်ခွာရတော့မှာဖြစ်ပါတယ်။ 

Share

က္က