ရုံးချုပ်တတိယထပ်ကနေ ပြုတ်ကျခဲ့တာပါ

စမ်းသပ်မောင်းနှင်နေစဉ် Nio လျှပ်စစ်ကား ရှန်ဟိုင်းရုံးချုပ် တတိယထပ်ပေါ်က ပြုတ်ကျခဲ့ပြီးနောက် ယာဉ်ပေါ်ပါ လူနှစ်ဦး သေဆုံးသွားတယ်လို့ တရုတ်လျှပ်စစ်ကားကုမ္ပဏီ Nio က ပြောပါတယ်။ 

တရုတ်လျှပ်စစ်ကားကုမ္ပဏီ Nio ရဲ့ ရှန်ဟိုင်းရုံးချုပ် တတိယအထပ်က ကားနဲ့အတူ ပြုတ်ကျသေဆုံးမှုမှာ ရုံးဝန်ထမ်းတစ်ဦးနဲ့ မိတ်ဖက်ကုမ္ပဏီက လူတစ်ဦးတို့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၀ ဝန်းကျင်းခန့်က ဖြစ်ပွားခဲ့တာလို့လည်း ကုမ္ပဏီက ပြောပါတယ်။




ကားပြုတ်ကျခဲ့တဲ့ တတိယအထပ်ဟာ ကားပြခန်း Showroom အဖြစ်ရော စမ်းသပ်မောင်းနှင်နိုင်မယ့် နေရာ နဲ့ ကားပါကင်ထိုးရာနေရာအဖြစ်ပါ အသုံးပြုထားတာ ဖြစ်ပါတယ်။ Nio ကုမ္ပဏီအနေနဲ့ ဒီဖြစ်ရပ်ကို အစိုးရအာဏာပိုင်တွေနဲ့ ပေါင်းပြီး ချက်ချင်းဆိုသလို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

"ကျွန်တော်တို့ ကုမ္ပဏီဟာ အခင်းဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ပြည်သူ့လုံခြုံရေးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အခင်းဖြစ်ရပ် အနေအထားအရ မတော်တဆမှု (ယာဉ်ကြောင့် မဟုတ်) တစ်ခုလို့ ကနဦးအတည်ပြုနိုင်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

" ယာဉ် (Nio လျှပ်စစ်ကား) ကြောင့် ဖြစ်တာမဟုတ်" ဆိုတဲ့ ကနဦးထုတ်ပြန်ချက်ဟာ Weibo လူမှုကွန်ရက်ပေါ် တက်လာပြီးနောက် နာရီဝက်အတွင်း ထောင်နဲ့ချီတဲ့ လူမှုကွန်ရက်သုံးစွဲသူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့တာကြောင့် ပြန်ဖြုတ်ချခဲ့ရပါတယ်။ မှတ်ချက်တစ်ခုမှာဆို "ဒါက အရင်းရှင်စနစ်ရဲ့ သွေးအေးမှုကို ဖော်ပြလိုက်တာပဲ" လို့ ရေးထားပြီး တခြားတစ်ယောက်ကတော့ " နောက်ဆုံးဝါကျက အတူတူပါပဲ။ယာဉ်မောင်းမယ့် Test Drivers တွေ ယာဉ်လာစစ်တယ်။ အက်ဆီးဒင့်ဖြစ်တာ ကားနဲ့ မဆိုင်ဘူးလို့ ပြောလိုက်တာပဲလေ" လို့ မှတ်ချက်ပေးထားပါတယ်။ 



ပြီးခဲ့တဲ့နှစ်ကလည်း Navigate On Pilot လို့ ခေါ်တဲ့ Semi-Autonomous ယာဉ်မောင်းစနစ်သုံးပြီး Nio ES8 ကား မောင်းလာသူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ Lin Wenquin လို့ခေါ်တဲ့ အသက် ၃၁ နှစ်အရွယ် Shangshan Ruoshui Investment Management ကုမ္ပဏီ ၊ Yitongtianxia Catering Management ကုမ္ပဏီ နဲ့ Meiyihao Brand Management ကုမ္ပဏီတွေရဲ့ တည်ထောင်သူဟာ NOP အလိုအလျောက်မောင်းစနစ် ဖွင့် မောင်းလာချိန် ယာဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်ခဲ့တယ်လို့ tellerreport က ဖော်ပြခဲ့ပါတယ်။ 

Nio ကုမ္ပဏီဟာ တရုတ်လျှပ်စစ်ကားဈေးကွက်ကို ကြီးစိုးလာနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန် Tesla ကားကုမ္ပဏီကို အလဲထိုးမယ့် တရုတ်ရဲ့ Tesla Killer ဆိုပြီး ပြောနေကြပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီအနေနဲ့ စိတ်မကောင်းကြောင်း နဲ့ ကွယ်လွန်သူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောထားပြီး ကျန်ရစ်သူမိသားစုကို ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က