စမတ်ဖုန်းထုတ်လုပ်သူတွေ ကားထုတ်ဖို့ မျက်စိကျလာချိန်မှာ လျှပ်စစ်ကားထုတ်လုပ်သူတချို့ဟာ စမတ်ဖုန်းလောကထဲ ဝင်ရောက်ဖို့ ပြင်နေကြပါတယ်။
နာမည်ကျော် တရုတ်လျှပ်စစ်ကားကုမ္ပဏီ Nio ဟာ Nio Mobile Technologies Co.Ltd နာမည်နဲ့ စမတ်ဖုန်းနည်းပညာလုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါတယ်။ Nio ကပဲ အလုံးစုံပိုင်တဲ့ ဒီကုမ္ပဏီအတွက် ငွေရင်းဒေါ်လာ သန်း ၁၀၀ နဲ့ မတည်ပြီး လုပ်ငန်းတည်ထောင်လိုက်တာပါ။ ရုံးချုပ်ကို Nio အခြေစိုက်ရာ ရှန်ဟိုင်းမြို့ Anting လိပ်စာနဲ့ မှတ်ပုံတင်ထားတာ ဖြစ်ပြီး Nio ပူးတွဲတည်ထောင်သူနဲ့ လက်ရှိဥက္ကဌ ချင်လီဟောင်က ဦးစီးသွားမှာ ဖြစ်ပါတယ်။
Nio Mobile Technologies ဟာ Nio ရဲ့ ပထမဆုံး မိုဘိုင်းနည်းပညာစီးပွားရေးအထူးပြု လုပ်ငန်းခွဲတစ်ခုဖြစ်လာပြီး နောက်နှစ်ထဲလောက်မှာ ကုမ္ပဏီရဲ့ ပထမဆုံး Nio Phone သစ်ကို မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ Nio CEO ဝီလျံလီကလည်း ကုမ္ပဏီအနေနဲ့ တစ်နှစ်ကို မိုဘိုင်းဖုန်းတစ်လုံး ထုတ်ဖို့ စီစဉ်နေကြောင်း ပြောထားတာ ရှိပါတယ်။ Nio ဖုန်းဟာ မှန်ခုံးမှန်ကွေးနဲ့ Folding ခေါက်သိမ်းနိုင် ဒီဇိုင်းမျိုး သုံးမှာ မဟုတ်ဘဲ ပုံမှန်ဖုန်းတစ်လုံးရဲ့ ပုံစံနဲ့ပဲ လာနိုင်ပါတယ်။
Nio EV ကားတွေနဲ့ ချိတ်ဆက်ဖို့အတွက် အကောင်းဆုံးစမတ်ဖုန်းအဖြစ် ဒီဇိုင်းထုတ်သွားမှာ ဖြစ်ပြီး Nio လျှပ်စစ်ကားအရောင်တွေအတိုင်းပဲ သုံးသွားမယ်လို့ ဆိုပါတယ်။ Flagship Chip သစ် သုံးမှာ ဖြစ်ပြီး ပထမဆုံး Nio Phone မှာ Snapdragon 8 Gen 2 Chip နဲ့ လာမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဈေးအနေနဲ့ iPhone ထက် ဈေးသက်သာမှာ ဖြစ်ပေမယ့် ဒေါ်လာ ၁၀၀၀ ကျော်တန်း ဖုန်းအဖြစ် မိတ်ဆက်လာနိုင်ပါတယ်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက Nio ရဲ့ အလုပ်ခေါ်စာတွေထဲမှာ ဆက်သွယ်မှုနည်းပညာဆိုင်ရာ ပညာရှင်တွေ ၊ Graphics Processing Unit (GPU) ဒီဇိုင်း ကျွမ်းကျင်သူတွေနဲ့ တခြားစမတ်ဖုန်းနဲ့ ဆက်စပ်နည်းပညာကဏ္ဍက ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ဆိုထားတာ တွေ့ရပါတယ်။ နှစ်အစကနေဆို Nio ကနေ အလုပ်ခေါ်ထားတဲ့ ဝန်ထမ်း ၁၀၀ ကျော် ရှိလာပြီ ဖြစ်ပြီး နောက်ထပ်လည်း လူ ၂၀၀ ကျော်လောက် ထပ်ခန့်အပ်သွားဖို့ ရှိတယ်လို့ တရုတ်သတင်းဌာန Securities Times က ဖော်ပြပါတယ်။
Nio ကုမ္ပဏီဟာ တရုတ်လျှပ်စစ်ကားဈေးကွက်ကို ကြီးစိုးလာနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်ဈေးကွက်ထဲမှာ ယွမ် ၁ သိန်းခွဲ (မြန်မာငွေ သိန်း ၄၂၀ ကျော်) ကနေ ယွမ် ၃ သိန်း ( မြန်မာငွေ သိန်း ၈၅၀ ဝန်းကျင်)တန် လျှပ်စစ်ကားတွေ ထုတ်လုပ်ရောင်းချနေတာပါ။ လျှပ်စစ်ကားကုမ္ပဏီတစ်ခုအနေနဲ့ စမတ်ဖုန်းထုတ်လုပ်တာ အဆန်းတော့ မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ယာဉ်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ တရုတ် BYD ကားကုမ္ပဏီဟာ ကားတွေကို Lock ဖွင့်ဖို့ ကိုယ်ပိုင်စမတ်နာရီတစ်မျိုးကို မနှစ်က ဖြန့်ချိခဲ့ပါတယ်။
ဒီနှစ်ထဲမှာပဲ ဂွမ်ဒေါင်းအခြေစိုက် Meizu Technology ဖုန်းကုမ္ပဏီကို Geeky ကားကုမ္ပဏီလုပ်ငန်းစုက ဝယ်ယူခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ Volvo ၊ Polestar ၊ Lotus နဲ့ တခြားကားအမှတ်တံဆိပ်တွေ ထုတ်လုပ်နေတဲ့ Geely ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စမတ်ဖုန်းဈေးကွက်စီးပွားရေးထဲ ဝင်ရောက်မယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ Meizu ကို ဝယ်သွားပေမယ့် ဘယ်လောက်ဈေးပေးဝယ်သွားလဲ ဆိုတာတော့ မသိရသေးပါဘူး။