ချဲလ်ဆီးတို့ အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။

ဗီလာကတော့ ဒီပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်ခဲ့ပြီး ရုန်းလည်း ရုန်းကန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က စောစောစီးစီး အမှားလုပ်မိခဲ့ပြီး တိုင်ရွန်မင့်စ်ရဲ့ အမှားကတဆင့် မေဆင်မောင့်ရဲ့ဂိုးကိုပေးလိုက်ရတာက အရှိုက်ထိစေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ဗီလာက ဆက်တိုက်တိုက်စစ်ဆင်ခဲ့ပေမယ့် ကီပါရဲ့ အံ့အားသင့်ဖွယ် ကာကွယ်မှုတွေကြောင့် ကံဆိုးခဲ့ရပါတယ်။



ကီပါကတော့ မန်ဒီရဲ့နေရာကို အစားဝင်ရင်း ပေါ်တာလက်ထက် ချဲလ်ဆီးရဲ့ အဓိကဂိုးသမားနေရာကို ရယူနိုင်မယ့် လက်စွမ်းမျိုးတွေကို ဆက်တိုက်ပြသနေတာပါ။ ကမ္ဘာ့ဖလားနီးလာချိန်မှာ ဒီလိုမျိုး လက်စွမ်းပြနေတာ၊ ကစားပုံအရ စပိန်လက်ရွေးစင်နည်းပြ လူးဝစ်အင်းနရစ်ရဲ့ စိတ်ကြိုက်ပုံစံဖြစ်နေတာတွေက ကီပါအတွက် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်အတွက်ပါ စိတ်ကူးယဥ်လို့ရလာပါပြီ။

ဒီပွဲမှာ ဗီလာက တိုင်ရွန်မင့်စ်၊ အက်ရှ်လေယန်း၊ ဒန်နီအင့်စ်၊ လီယွန်ဘိုင်လီ၊ ဝက်ကင်းစ်တို့နဲ့ လူစုံတက်စုံပွဲထွက်ခဲ့တာပါ။ သူတို့ရဲ့ အမှားက စောစောစီးစီး ဂိုးပေးလိုက်ရတာဖြစ်ပြီး ပထမပိုင်းမှာတင် ချဲလ်ဆီးထက် ဂိုးပေါက်ခြိမ်းခြောက်မှု၊ အပိုင်အခွင့်အရေးရရှိမှုတွေမှာ သာလွန်ခဲ့ပါတယ်။ ဒါပေမယ့် ကီပါကတော့ တကယ့် မှော်ဝင်ခြေစွမ်းမျိုးကို ပြသခဲ့တာကြောင့် ပထမပိုင်းမှာ ချဲလ်ဆီးကပဲ ဦးဆောင်ခဲ့ပါတယ်။

ချဲလ်ဆီးကလည်း ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် ကွင်းလယ်မှာ ကိုဗာဆစ်၊ လော့တပ်ဖ်ချိခ်တို့ ပွဲထွက်ခဲ့ပြီး နောက်တန်းမှာ ချာလိုဘာ့ဂ်၊ သီယာဂိုဆေးလ်ဗား၊ ကူကူရယ်လာတို့ အထိုင်ဆော့ခဲ့ပါတယ်။ ဟာဗက်ဇ်၊ မေဆင်မောင့်တို့ ပါဝင်ခဲ့ပြီး Wing Back နေရာမှာ စတာလင်နဲ့ ဘင်ချီဝဲလ်တို့ ပါဝင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မေဆင်မောင့်က ချဲလ်ဆီးအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ဖရီးကစ်ကတဆင့် သွင်းယူပေးခဲ့ပါတယ်။

ပေါ်တာလက်ထက် ချဲလ်ဆီးကတော့ ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေဆဲဖြစ်ပြီး ချဲလ်ဆီးနည်းပြ အဖွင့်ပွဲ သရေကျခဲ့တာကလွဲရင် ကျန်တဲ့ပွဲအားလုံးကို အနိုင်ရထားပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်း စွမ်းဆောင်ရည် ကောင်းမွန်လာတာက တော်တော်လေး သိသာပြီး ဒီပွဲအပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး (၄) ပွဲဆက်တိုက် ဂိုးမပေးခဲ့ရပါဘူး။ ဗီလာနည်းပြ ဂျရတ်အတွက်တော့ ဒီပွဲမှာပါ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် ရာထူးအတွက် မျက်ခုံးလှုပ်နေရပြီဖြစ်ပါတယ်။  

Share

က္က