စတီဗင် ဂျရတ်ဟာ အက်စတန် ဗီလာကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် စိတ်လှုပ်ရှားစရာ ကလပ်အသင်းတွေနဲ့ လက်ရွေးစင်အသင်းတွေရဲ့ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်းဟာ ရာသီကို ဆိုးရွားစွာစတင်ခဲ့ပြီး အက်စတန် ဗီလာဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ ပွဲသာ ရရှိခဲ့တာကြောင့် တန်းဆင်းဇုန်နားထိ ကျဆင်းသွားခဲ့ပြီးနောက် အောက်တိုဘာလမှာ ဗီလာပါ့ခ်က နည်းပြရာထူးကို ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
ဂျရတ်ဟာ ပရီးမီးယားလိဂ်ကို ပြန်မလာခင်မှာ ရိန်းဂျားစ်အသင်းနဲ့အတူ အောင်မြင်တဲ့ ၃ နှစ်တာ ကာလကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး စကော့တလန်ကလပ်အသင်းကို ၁၀ နှစ်အတွင်း ပထမဆုံး ပရီးမီးယားရှစ်ဖလားရရှိအောင် နည်းပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း စတီဗင် ဂျရတ်အတွက် အက်စတန် ဗီလာမှာတော့ မတူညီတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပြီး နည်းပြ အူနိုင်း အမ်မရီ လက်အောက်မှာ အဆင့် ၆ နေရာအထိ ပြန်လည်တက်လှမ်းလာခဲ့တဲ့ အက်စတန် ဗီလာဟာ လီဗာပူးလ်ဂန္တဝင်လက်အောက်မှာ ပွဲ ၄၀ ထဲက ၁၃ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အက်စတန် ဗီလာမှာ နည်းပြခဲ့တဲ့ စိတ်ပျက်ဖွယ် ၁၁ လကို ဖြတ်သန်းခဲ့ရပေမယ့်လည်း ဂျရတ်ဟာ ခေါ်ယူချင်တဲ့အသင်းတွေ အများအပြားဆီကနေ ကမ်းလှမ်းမှုတွေ ရရှိခဲ့သေးပြီး ပြီးခဲ့တဲ့ ၆ လအတွင်း အလုပ်အများအပြားကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
“ခင်ဗျား အစကနေ ပြန်စရမယ်။ နည်းပြအဖြစ်နဲ့ ပြန်လာပြီး တိုက်ပွဲဝင်ဖို့အတွက် စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းရမယ်။ ကျွန်တော် ဗီလာကို စွန့်ခွာခဲ့ပြီးကတည်းက ကလပ်အသင်းနဲ့ နိုင်ငံတကာအဆင့်မှာ နည်းပြပေးဖို့ ကမ်းလှမ်းမှုတွေ ရခဲ့ပြီး ပြည်ပလိဂ်တွေက စိတ်လှုပ်ရှားစရာ အခွင့်အလမ်းတွေလည်း အပါအဝင်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ ကျွန်တော့်အတွက် တစ်ခုမှ မသင့်တော်ခဲ့ပါဘူး။ ဒီကြားကာလမှာ ကျွန်တော့်သမီးတွေနဲ့ ကျွန်တော့်သားအတွက် Uber ဒရိုက်ဘာအဖြစ်နဲ့ ပျော်ရွှင်နေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။