ချယ်လ်ဆီးကစားသမားဟောင်းအီမန်နူရယ်ပီတစ်က အာဆင်နယ်ကို ၃-၁ နဲ့ ချယ်လ်ဆီးတို့ အရေးနိမ့်ခဲ့တဲ့ပွဲချိန်အတွင်း အရန်ခုံတန်းမှာ ချယ်လ်ဆီးကစားသမားတွေ အငြင်းပွားနေတာကို သူ မြင်တွေ့ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ပီတစ်က ချယ်လ်ဆီးကစားသမားတွေရဲ့ စည်းလုံးမှုမရှိတာ၊ အမူအကျင့်တွေကိုလည်း ဝေဖန်မှုတွေ လုပ်သွားခဲ့ပါသေးတယ်။
ချယ်လ်ဆီးကတော့ ဒီရာသီမှာ ပေါင်သန်း ၆၀၀ အထိ အသုံးပြုခဲ့ပြီး အသင်းကို ပြင်ဆင်မွမ်းမံထားပေမယ့် လက်ရှိမှာတော့ တန်းဆင်းဇုန်နဲ့ ၉ မှတ်အကွာမှာ ရှိနေပြီး သင်္ချာနည်းအရ တန်းဆင်းနိုင်ချေရှိနေပါသေးတယ်။ တကယ်လို့များ နောက်ထပ် ၅ ပွဲလောက် ပိုကစားခဲ့မယ်ဆိုရင် အသင်းတန်းဆင်းရနိုင်တယ်လို့ ပရိသတ်တွေကအစ ဝေဖန်ပြောဆိုနေကြပါတယ်။
ပီတစ်က "ကျနော်က ချယ်လ်ဆီးအရန်ခုံတန်းနဲ့ တော်တော်နီးနီးလေးမှာ ရှိနေခဲ့တာပါ၊ အထူးသဖြင့် ဒုတိယပိုင်းမှာ သူတို့ကြား ငြင်းခုံမှုတွေ ဖြစ်နေခဲ့တာကို တွေ့ခဲ့ရပါတယ်၊ ပထမပိုင်းမှာဆိုရင် ကစားသမားတွေရဲ့ body laguage နဲ့ attitude ၊ တုံ့ပြန်မှုလုံး၀မရှိတာ၊ ဘာတန်ဖိုးမှမရှိတာ၊ ညီညွှတ်မှုမရှိတာ၊ စည်းလုံးမှုမရှိတာတွေအတွက် အရမ်းထိတ်လန့်ခဲ့ရပါတယ်"
"အခုက သူတို့အရန်ခုံတန်းမှာ နည်းပြအယောက် ၂၀ လောက်ထားခဲ့မယ်ဆိုရင်တောင် ဘာမှပြောင်းလဲလာမှာမဟုတ်ဘူးလို့ ကျနော်ထင်တယ်၊ အဝတ်လဲခန်းထဲမှာ တခုခုကို အရင်ဆုံးရှင်းပြီးမှ သူတို့တွေ နည်းပြအကြောင်းစဉ်းစားပြီး ထပ်ရှင်းရမှာပါ၊ အကောင်းဆုံးနည်းပြကို သူတို့ခေါ်နိုင်ပါတယ်၊ သူ့မှာလည်း အဖြေမှန်ရှိမှာမဟုတ်ပါဘူး၊ ကစားသမားတွေ အရမ်းများပြားလွန်းနေလို့ပါ"
"အာဆင်နယ်နဲ့ ပထမပိုင်းကစားပုံကို ကြည့်ရတာ တကယ်ရှက်ဖို့တောင်ကောင်းပါတယ်၊ ပရိသတ်တွေအတွက်လည်း ကျနော်စိတ်မကောင်းပါဘူး" လို့ ပီတစ်က ပြောဆိုခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ လာမယ့်ရာသီအတွက် နည်းပြသစ်အဖြစ် ပိုချက်တီနိုကို ခန့်အပ်ဖို့ အလားအလာတွေရှိနေပါတယ်။