အမ်ဘာပေလက်ထက် ပထမဆုံးခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီဟာ လီဗာပူးကွင်းလယ်လူ ကီတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်ဘောလုံးရာသီအတွက် အသင်းရဲ့ ကွင်းလယ်ပိုင်းကို တောင့်တင်းအောင် လာမယ့်နွေရာသီမှာ ပြင်ဆင်သွားဖို့ ပစ်မှတ်ထားနေပါတယ်။ ဒီအတွက် အခုလိုပဲ ကီတာကို စိတ်ဝင်စားလာတာပါ။



အသက် (၂၇) နှစ်အရွယ် အဆိုပါ ဂီနီယာလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) မှာ လိုက်ပ်ဇစ်ကနေ လီဗာပူးကို ပြောင်းရွှေ့ကြေး ပေါင် (၅၂.၇၅) သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ကီတာအနေနဲ့ ကလော့ပ်စိတ်ကြိုက် ကစားသမားတွေထဲက တယောက်ဖြစ်ပေမယ့် သူ့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

အခုချိန်မှာလည်း သူနဲ့လီဗာပူးအကြား စာချုပ်သက်တမ်းက တနှစ်သာကျန်ရှိတော့ပါတယ်။ လီဗာပူးက ကီတာကို စာချုပ်သစ်ချုပ်ဆိုဖို့ မဆွေးနွေးသေးချိန်မှာ ပီအက်စ်ဂျီက ဒီကစားသမားကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀) ပေးချေ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဒါ့အပြင် အမ်ဘာပေ ခန့်အပ်မယ့် အားကစားဒါရိုက်တာအသစ် လူးဝစ်ကမ်းပို့စ်ကလည်း ကီတာကို သဘောကျနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူး ကွင်းလယ်လူတဦးပဲဖြစ်တဲ့ ဝစ်ချ်နယ်လ်ဒမ်းရဲ့နေရာမှာ ကီတာနဲ့ အစားထိုးဖို့ ကမ်းပို့စ်က စိတ်ဝင်စားနေတာပါ။ တကယ်လို့များ ပီအက်စ်ဂျီတို့အနေနဲ့ ကီတာကို ဦးစားပေးခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ဒီကစားသမား အမ်ဘာပေလက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာမယ်ဆိုနေကြပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ (၂၀၂၅) အထိရှိနေမယ့် စာချုပ်တရပ်ကို ချုပ်ဆိုခဲ့ပြီး ခံစားခွင့်အနေနဲ့ အားကစားဒါရိုက်တာ၊ နည်းပြတို့ရဲ့အထက်မှာ ရပ်တည်ကာ အသင်းရဲ့ ကစားသမားသစ်ခေါ်ယူရေး၊ ရောင်းချရေးအပြင် အားကစားဒါရိုက်တာနဲ့ နည်းပြတို့ကိုပါ အမ်ဘာပေ စိတ်ကြိုက်ရွေးချယ်ခန့်အပ်ခွင့်ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က