ဆော်ဒီကို ခရီးသွားသံတမန်တဦးအနေနဲ့ သွားရောက်ခဲ့တဲ့ မက်ဆီဟာ အသင်းနည်းပြဂဲလ်တီယာရဲ့ ခွင့်ပြုချက်မရရှိဘဲ လေ့ကျင့်ခန်းအစီအစဉ်တွေကိုပါ ပျက်ကွက်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ လော်ရီယန့်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲချိန်ပြည့်ဝင်ကစားပေးပြီး နာရီပိုင်းအကြာမှာပဲ ဆော်ဒီကို ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။
ပီအက်စ်ဂျီအနေနဲ့ လိဂ်မှာ လက်ကျန် ၅ ပွဲအလို ဒုတိယနေရာက မာဆေးလ်နဲ့ ၅ မှတ်သာ ကွာဟတော့လို့ ချန်ပီယံဆုအတွက် အနည်းငယ်အခက်အခဲတွေရှိလာခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဖို့ မသေချာသေးတဲ့အချိန်မှာပဲ မက်ဆီက သူ့ကိုခေါ်ယူချင်နေတဲ့ ဆော်ဒီကို အခုလိုသွားရောက်ခဲ့လို့လည်း ရာသီကုန်မှာ ရီယက်ဒ်ကို ရောက်ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်လာခဲ့ပါတယ်။
လော်ရီယန်ကို အရေးနိမ့်ပြီးနောက်မှာ အသင်းက ကစားသမားတွေအနေနဲ့ တနင်္လာနေ့မှာ လေ့ကျင့်ခန်းဆင်းမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး အင်္ဂါနေ့ကိုတော့ အားလပ်ရက်အဖြစ် သတ်မှတ်ပေးမယ်လို့ ဆိုခဲ့ပါတယ်။ မူလကတော့ ဂဲလ်တီယာက အသင်းအနိုင်ရမယ်ဆိုရင် တနင်္လာနေ့နဲ့ အင်္ဂါနေ့ကို အားရက်အဖြစ် သတ်မှတ်ပေးဖို့ ရှိခဲ့ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် တရက်တည်းသာ ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် တနင်္လာနေ့မှာ အသင်းသားအားလုံး လေ့ကျင့်ခန်းဆင်းရမှာဖြစ်ပြီး မက်ဆီကတော့ ဆော်ဒီကို ပွဲပြီးပြီးချင်းပဲ ထွက်ခွာသွားခဲ့လို့ လွဲချော်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွက် မက်ဆီက စီစဉ်ထားပြီးဖြစ်တာကြောင့် ပြန်လည် ရွှေ့ပြောင်းဖို့လည်း အဆင်မပြေတော့ဘူးလို့ သိရပြီး အရင်ကလည်း ဒီလိုမျိုးခရီးစဉ်ကို ၂ကြိမ်တိုင်ရွှေ့ဆိုင်းခဲ့ရကာ တကြိမ်ကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘိုင်ယန်ကို အရေးနိမ့်ခဲ့ပြီးနောက် ဖြစ်ပါတယ်။
မက်ဆီဘက်ကလည်း ဒီခရီးစဉ်အတွက် အသင်းကို ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းအရေးနိမ့်အပြီး လေ့ကျင့်ခန်းအစီအစဉ်ပြောင်းလဲခဲ့ကာ တရက်ပဲ အားရက်ပေးခဲ့တဲ့ နည်းပြဂဲလ်တီယာနဲ့ အားကစားဒါရိုက်တာ လူး၀စ္စကမ်ပို့စ်တို့က ခွင့်ပြုခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။