ချဲလ်ဆီးအသင်းဟာ ဒုတိယအကြိမ် အံ့အားသင့်ဖွယ် နည်းပြခန့်အပ်မှုကို အလျင်အမြန် ပြုလုပ်သွားဖို့ စဉ်းစားနေပြီး အမြဲတမ်းနည်းပြသစ်ဖြစ်လာနိုင်ခြေရှိတဲ့သူတွေထဲမှာ ကွန်တီလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ဂရေဟမ် ပေါ့တားကို တနင်္ဂနွေနေ့ညမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ လက်ရှိမှာ အသင်းကို လွှဲပြောင်းဝယ်ယူတာ ၁ နှစ်မပြည့်ခင်မှာပဲ ဒုတိယမြောက် နည်းပြခန့်အပ်ဖို့ကို ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ယာယီနည်းပြ ဘရူနို ဆော့တား ပထမဆုံးကိုင်တွယ်ခဲ့တဲ့ အင်္ဂါနေ့ညက လီဗာပူးလ်နဲ့ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပြီး ချဲလ်ဆီးအသင်းဟာ တစ်ပွဲလုံး လေးလံထိုင်းမှိုင်းနေခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း လမ်းပတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးဂန္တဝင် ဖရန့်ခ် လမ်းပတ်ဟာ ယခုရာသီကုန်အထိ အသင်းကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှသာ အမြဲတမ်း နည်းပြသစ်ကို ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ The Independent ရဲ့ ဖော်ပြချက်အရ အသင်းဟာ ကွန်တီကို ကြီးမားတဲ့လူစာရင်းကို ဖွဲ့စည်းတည်ဆောက်နိုင်တဲ့ အနိင်ရရှိသူလို့ မှတ်ယူထားပြီး ကနဦး ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် သိပ်မကြာခင်မှာ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ် အီတလီလူမျိုးနည်းပြဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ချဲလ်ဆီးကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး အနောက်လန်ဒန်အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ဖလားကို ၂၀၁၆-၂၀၁၇ ရာသီမှာ ရယူပေးခဲ့တာဖြစ်ပါတယ်။ ကွန်တီဟာ နောက်တစ်နှစ်မှာတော့ အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း အဲဒါက ၎င်းရဲ့ နည်းပြရာထူးကို ဆက်လက်ထိန်းသိမ်းထားဖို့ မလုံလောက်ခဲ့ဘဲ ထုံးစံအတိုင်း အသင်းနဲ့ ဆက်ဆံရေး ပြိုကွဲခ့တာဖြစ်ပါတယ်။
အီတလီလူမျိုးနည်းပြဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာသွားခဲ့ပြီးနောက် အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့ပြီး စီးရီးအေကလပ်အသင်းကြီးကို ၁၁ နှစ်အတွင်း ပထမဆုံး စကူဒက်တိုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ်လည်း ကွန်တီရဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ကျရှုံးခဲ့ပြီးနောက် ချဲလ်ဆီး ပရိသတ်တွေကြား စိုးရိမ်ပူပင်မှုတွေ ဖြစ်စေမှာဖြစ်ပါတယ်။
ကွန်တီဟာ ပြီးခဲ့တဲ့ရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို အဆင့် ၄ နေရာမှာ ရာသီပြီးဆုံးနိုင်အောင် နည်းပြပေးနိုင်ခဲ့ပေမယ့်လည်း ယခုရာသီမှာတော့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းကစားသမားတွေကို လူသိရှင်ကြား ကြိမ်းမောင်းခဲ့ပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။