အားလပ်ရက်ရထားတဲ့ ယူနိုက်တက်ကစားသမားတွေကတော့ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေ ပြုလုပ်လျက်ရှိပါတယ်။

ယူနိုက်တက်ကစားသမားအချို့ဟာ အားလပ်ရက် (၁) ပတ်ရရှိထားပေမယ့် သူတို့နည်းသူတို့ဟန်နဲ့ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေကို ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ လက်ရှိကာလက နိုင်ငံတကာရက်သတ္တပတ်ဖြစ်ပြီး ဒီအတောအတွင်း နိုင်ငံပွဲကစားဖို့မရှိတဲ့ ယူနိုက်တက်ကစားသမားတွေက အခုလိုပဲ အားလပ်ရက်ရရှိထားတာပါ။



ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက အခုလိုပဲ အသင်းသားတွေကို အားလပ်ရက် (၁) ပတ်ပေးခဲ့တာကြောင့် ကစားသမားတွေကိုယ်တိုင် အံ့အားသင့်ခဲ့ရပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားကိုယ်တိုင်ကလည်း အထုတ်အပိုးတွေဆွဲပြီး မွေးရပ်မြေ နော်ဝေကို ပြန်သွားခဲ့တာပါ။

မန်ချက်စတာမြို့မှာ ဝမ်ဘစ်ဆာကာ၊ ဂရင်းဝုဒ်၊ မာစီရယ်လ်၊ အဲလက်စ်တဲလက်စ်တို့ အပါအဝင် ကစားသမားအချို့က လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစရာ မလိုခဲ့ဘဲ ဒီအနေအထားမှာတော့ သူတို့ဘာသူတို့ပဲ ကိုယ်ပိုင်လေ့ကျင့်ခန်း အစီအစဥ်တွေပြုလုပ်နေတာကို ဆိုရှယ်မီဒီယာတွေပေါ်မှာ မျှဝေခဲ့ပါတယ်။

ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကတော့ ပေါ်တူဂီနိုင်ငံမှာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို ပြုလုပ်နေပြီး မာတစ်ကလည်း သူ့ရဲ့မွေးရပ်မြေမှာ လေ့ကျင့်ခန်းတွေပြုလုပ်လျက်ရှိပါတယ်။ ပုံစံကောင်းတွေ ပျောက်ဆုံးလို့ ဝေဖန်မှုတွေခံနေရတဲ့ တိုက်စစ်ကစားသမား မာစီရယ်လ်ကလည်း သူ့အိမ်မှာပဲ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီး အားလပ်ရက်ရချိန်မှာ အသင်းကို ပိုမိုကူညီနိုင်ဖို့အတွက် အားထုတ်နေကြတာပဲဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်က ဒဏ်ရာပြဿနာတွေ တော်တော်လေးများပြားနေတဲ့ အသင်းလို့ဆိုနိုင်ပြီး နောက်ခံလူ ဗာရန်း၊ ကာဗာနီတို့ ဒဏ်ရာရနေသလို ရပ်ရှ်ဖို့ဒ်ကလည်း ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံတကာပွဲတွေ မကစားရခင်မှာတင် ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတာပါ။

အသင်းရဲ့ အဓိကကွင်းလယ်လူ ပေါ့ဘာ ပေါင်ခြံဒဏ်ရာကြောင့် နှစ်ကုန်အထိ အနားယူရတော့မှာဖြစ်ပြီး ကွင်းလယ်လူ တွမ်မီနေးကလည်း လည်ချောင်းပိုးဝင်မှုကြောင့် မန်ချက်စတာမြို့ကို ပြန်လာပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရလဒ်တွေဆိုးနေတဲ့ ယူနိုက်တက်အတွက်တော့ နိုင်ငံတကာရက်သတ္တပတ်နောက်ပိုင်း ပွဲစဥ်တွေမှာ ထပ်မံရုန်းကန်ရဖို့ရှိနေပါတယ်။ 

Share

Loading Next Article...
က္က