ရီးရဲလ်မက်ဒရစ်ကစားသမားတွေကတော့ ဘာစီလိုနာကို အနိုင်ရပြီး ကိုပါဒယ်ရေးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့နောက် နည်းပြအန်ဆယ်လော့တီဆီက အားလပ်ရက်တရက် ရရှိသွားခဲ့ပါတယ်။ နူးကမ့်မှာ ၄-၀ နဲ့ အနိုင်ကစားပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး အိုဆာဆူနာနဲ့ ကစားရမှာဖြစ်လို့ ကိုပါဒယ်ရေးဖလားက ရီးရဲလ်အတွက် သေချာသလောက်ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။
အဆိုပါပွဲအပြီးမှာတော့ အန်ဆယ်လော့တီက အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပြီး အားလပ်ရက်ပေးခဲ့တာပါ။ ဒီလိုမျိုး အားလပ်ရက်ရတဲ့အကြောင်းကို သိရချိန်မှာ ရီးရဲလ်ကစားသမားတွေဟာ ကလေးတွေလို ခုန်ပေါက်ကာ ပျော်ရွှင်နေခဲ့ကြပြီး လွတ်လွတ်လပ်လပ်နေခွင့်ရမယ့် နေ့ရက်တရက်ကို ဖြတ်သန်းရတော့မှာလည်းဖြစ်ပါတယ်။
အန်ဆယ်လော့တီက "ဂုဏ်ယူတယ်၊ ဒီလိုပွဲမျိုးကို မြင်ရတာ ဂုဏ်ယူတယ်၊ နောက်တခုက မင်းတို့ကို ငါလိမ်ခဲ့တာပါ၊ ဒီပွဲက ဗိုလ်လုပွဲမဟုတ်ပါဘူး၊ အဲဒါက လိမ်ခဲ့တာပါ၊ ဒီပွဲက ဆီမီးဖိုင်နယ်ပဲရှိပါသေးတယ်၊ ဗိုလ်လုပွဲကစားဖို့ကျန်နေသေးတယ်၊ တတိယတခုကတော့ မနက်ဖြန်က အားလပ်ရက်ပဲ" လို့ ပြောဆိုခဲ့ပါတယ်။
ဒီလိုပြောချိန်မှာ ရီးရဲလ်ကစားသမားတွေဟာ ခုန်ပေါက်ကာ ပျော်ရွှင်နေခဲ့ကြပြီး ကလေးတွေသဖွယ်ရှိနေခဲ့ပါတယ်။ တဦးအပေါ်တဦး တက်ခွကာ အောင်ပွဲခံခဲ့ကြပြီး အဝတ်လဲခန်းထဲမှာ ဆူညံပွက်လောရိုက်ကာ အောင်ပွဲခံခဲ့ကြပြီး အသက် ၃၇ နှစ်အရွယ် မိုဒရစ်ကြီးကလည်း ကလေးလိုပဲ ခုန်ပေါက်နေတာကို ရုပ်သံမှတ်တမ်းတွေအရ တွေ့ရှိခဲ့ရပါတယ်။
ရီးရဲလ်ကတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိနေပြီး ဆုဖလား ၂ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။