ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁ တုန်းက ဗီလာဟာ နယူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့ရပြိး ၅-၁ နဲ့ အပြတ်အသတ်အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဗီလာက အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အိမ်ကွင်းပွဲတိုင်းအနိုင်ရတဲ့ စံချိန်ကို ပိုင်ဆိုင်ထားကာ မန်စီးတီးလို အသင်းကိုတောင်မှ ပူပူနွေးနွေးအနိုင်ယူထားတာဖြစ်ပါတယ်။
ဗီလာတို့ နယူးကာဆယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ချိန်မှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အံ့အားသင့်ဖွယ်ရာ ခန့်မှန်းမှုတွေကို လုပ်ခဲ့ပါတယ်။ သူက ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဗီလာရဲ့ ကစားပုံက အရမ်းကောင်းမွန်ခဲ့ကာ ဆိုးရွားတဲ့ ဂိုးတွေ ခွင့်ပြုခဲ့ရလို့သာ အရေးနိမ့်ခဲ့ရတာလို့ မှတ်ချက်ပြုခဲ့တာပါ။
"ကျနော် နယူးကာာဆယ်နဲ့ ဗီလာတို့ရဲ့ ဒီရာသီပထမဆုံးပွဲကို ကြည့်ခဲ့တယ်၊ ၅-၁ နဲ့ နယူးကာဆယ်က နိုင်ခဲ့တာပါ၊ ရိုးရိုးသားသားပြောရရင် ဗီလာက ဘောလုံးကစားပုံအရမ်းကောင်းခဲ့ပြီး ဆိုးရွားတဲ့ ဂိုးတွေပေးရလို့သာ အရေးနိမ့်ခဲ့တာပါ၊ ဒါက အံ့အားသင့်စရာကောင်းတဲ့ ပွဲဖြစ်ခဲ့ပြီး ဘောလုံးဆိုတာက အဲလိုပါပဲ၊ ဗီလာက အရမ်းကောင်းအောင်ကစားနိုင်ပြီး ဂိုးမရခဲ့တာပါ၊ သူတို့အဲလိုဖြစ်ခဲ့တာ" လို့ ဖာဂူဆန်က ပြောဆိုခဲ့တာပါ။
အဲဒီတုန်းက ဖာဂူဆန်ရဲ့ ပြောဆိုမှုအပေါ်မှာ လှောင်ပြောင်ခဲ့သူတွေ အများအပြားရှိခဲ့ပါတယ်။ ဒီလောက် ဂိုးပြတ်ရှုံးခဲ့တဲ့အသင်းကို ကောင်းမွန်လွန်းတယ်လို့ မှတ်ချက်ပြုခဲ့လို့ သူ့ကို ရူးများရူးသွားပြီလားလို့တောင် ပြောခဲ့တဲ့သူတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာ ဆာအဲလက်စ်ရဲ့ ခန့်မှန်းချက်နဲ့ အမြင်သုံးသပ်မှုတွေက ချီးကျူးဖွယ်ရာကောင်းလွန်းတယ်လို့ ပြန်လည်ပြောဆိုနေရပါပြိ။
ဗီလာဟာ ၁၅ပွဲကစားပြီးချိန်မှာပဲ ၁၀ ပွဲအထိ အနိုင်ရကာ ၃ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။ ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၄ မှတ်သာကွာဟနေတာပါ။ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအားအကောင်းဆု့းအသင်းအဖြစ် ဒုတိယနေရာမှာ လီဗာပူးလ်နဲ့ ပူးတွဲရပ်တည်နေပြီး ဒီရာသီ အိမ်ကွင်းပွဲတိုင်းအနိုင်ရထားတဲ့ အသင်းအဖြစ်နဲ့လည်း သူတို့နှစ်သင်း အတူတူရှိနေတာဖြစ်ပါတယ်။
ဖာဂူဆန်ကတော့ ဂန္ထဝင်နည်းပြတဦးပီသလွန်းတယ်လို့ မှတ်ချက်ပြုခံနေရပါပြီ။ အူနိုင်းအမ်မရီရဲ့ အသင်းကစားဟန်၊ ကစားကွက်နဲ့ နည်းဗျူဟာတွေကို သူ့ရဲ့ နည်းပြတဦးအမြင်နဲ့ သုံးသပ်ခဲ့တာတွေက သွေးထွက်အောင်မှန်ကန်နေခဲ့ပြီဆိုတာကို အားလုံး လက်ခံနေရပြီလည်းဖြစ်ပါတယ်။