ပရီးမီးယားလိဂ် Hall of Fame ထဲမှာ ထည့်သွင်းခြင်းခံခဲ့ရတဲ့ ပထမဆုံးနည်းပြတွေ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်ဂန္တဝင်နည်းပြကြီး ၂ ဦးဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အာဆင်ဝင်းဂါးတို့ဟာ ပရီးမီးယားလိဂ် Hall of Fame ထဲမှာ ထည့်သွင်းခြင်းခံခဲ့ရတဲ့ ပထမဆုံးနည်းပြတွေ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒီနည်းပြကြီး ၂ ဦးစလုံးဟာ တသက်တာအကောင်းဆုံးနည်းပြ ၂ ဦးလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်း ခံခဲ့ရတာဖြစ်ပြီး အဲဒါကြောင့်လည်း Hall of Fame စတင်ခဲ့ပြီးနောက် ၃ နှစ်မြောက် နှစ်မှာပဲ အသိအမှတ်ပြုခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်ကို ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နည်းပြခဲ့သူဖြစ်ပြီး ဆုဖလား ၁၃ လုံး၊ ပွဲ ၈၁၀ ကနေ နိုင်ပွဲ ၅၂၈ ပွဲနဲ့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ 


အာဆင်ဝင်းဂါးကလည်း ဂန်းနားတွေကို ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နည်းပြခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဝါအရင့်ဆုံးနည်းပြဖြစ်ပြီး ၈၂၈ ပွဲကနေ ၄၇၆ ပွဲအထိ နိုင်ပွဲနဲ့အတူ ဆုဖလား ၃ လုံးရရှိခဲ့ရာမှာ ၂၀၀၃-၂၀၀၄ ရာသီမှာ တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်အောင် နည်းပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။ စကော့တလန်လူမျိုးနည်းပြကြီးနဲ့ ပြင်သစ်လူမျိုးနည်းပြကြီးတု့ိဟာ နည်းပြဘဝတလျှောက် အလွန်ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် အလွန်ကြီးမားတဲ့ လေးစားမှုရှိကြတာဖြစ်ပါတယ်။

"အာဆင်းက အာဆင်နယ်ဘောလုံးအသင်းကို ထူးခြားဆန်းကြယ်တဲ့ပုံစံနဲ့ ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် Hall of Fame ထဲ ထည့်သွင်းခံရဖို့ အရမ်းကို ထိုက်တန်တယ်လို့ ကျွန်တော် ခံစားရါတယ်။ သူတို့တွေက ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ခက်ခဲတဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပြီး ကျွန်တော်တို့ ၂ ဦးစလုံးက အနိုင်ရရှိချင်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် ပိုလို့တောင် စိတ်ဓာတ်ခွန်အားပေးသလို ဖြစ်ခဲ့ကြပါတယ်။ အနားယူပြီးနောက်ပိုင်း နှစ်တွေအများကြီး ဖြတ်သန်းလာတဲ့အချိန်အတွင်း ကျွန်တော်တို့ ဆွစ်ဇာလန်မှာ သူ ကောင်းကောင်းသိတဲ့ စားသောက်ဆိုင်လေးမှာ ညစာအတူတူ သွားစားခဲ့တယ်။ သူက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့လူဖြစ်ပြီး သူနဲ့ ဆက်ဆံရေးကို နှစ်သက်မိပါတယ်။ ဒါပေမယ့် ဝိုင်ခွက်ကို ကိုင်မြှောက်ဖို့က ကျွန်တော့်အလုပ်ဖြစ်နေပါသေးတယ်"လို့ ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။


အာဆင်ဝင်းဂါးက"ဆာအဲလက်စ်နဲ့အတူ ဒီဆုကို မျှဝေခွင့်ရတာ ကျွန်တော့်အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာပါ။ အဲဒါက ဘောက်ဆင်သမား ၂ ဦးလိုပဲ။ ခင်ဗျား ဒေါသထွက်နေသလိုမျိုး တိုက်ခိုက်ပြီး ရေကုန်ရေခမ်း သတ်ပုတ်ကြမယ်။ ဒါပေမယ့် အဆုံးမှာတော့ ခင်ဗျားမှာ လေးစားမှုရှိပြီး သူနဲ့ တွေ့ဆုံခွင့်ရပြီး ဝိုင်ကောင်းကောင်း တစ်ပုလင်းကို မျှဝေရင်း ကျွန်တော်တို့ရဲ့ အရင်တုန်းက တိုက်ပွဲတွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်ပြောခွင့်ရတာက အရမ်းကောင်းတဲ့ အခွင့်အရေးပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က