ချဲလ်ဆီးတာဝန်ရှိသူတွေဟာ အသစ်ခန့်အပ်ထားတဲ့ အီတလီလူမျိုးနည်းပြ မာရက်စ်ကာအတွက် ပေါင် (၁၁၃) သန်းတန် တိုက်စစ်မှူးဖြစ်တဲ့ အိုဆင်မ်ဟန်ကို ခေါ်ယူပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးဟာ အဆိုပါ လက်စတာနည်းပြဟောင်းကို (၅) နှစ် စာချုပ်နဲ့ ခန့်အပ်ခဲ့တာပါ။
မာရက်စ်ကာကတော့ ချဲလ်ဆီးမှာ ဂိုး၊ နောက်၊ လယ်၊ ရှေ့နေရာစုံကို ပြင်ဆင်အားဖြည့်ဖို့ ဆန္ဒရှိနေပါတယ်။ ချဲလ်ဆီးဘက်ကလည်း မာရက်စ်ကာအတွက် လိုအပ်တဲ့ ပြင်ဆင်အားဖြည့်မှုတွေ ပြုလုပ်ပေးသွားဖို့ ပြင်ဆင်ထားတာပါ။
ဒါပေမယ့်လည်း ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေအရ ချဲလ်ဆီးအနေနဲ့ အသင်းမှာရှိပြီးသား ကစားသမားတွေကို ပြန်လည်ရောင်းထုတ်ဖို့ လိုအပ်ပါသေးတယ်။ ချဲလ်ဆီးတို့ ခေါ်ယူဖို့ စီစဉ်ထားတဲ့ ကစားသမားတွေကတော့ အိုဆင်မ်ဟန်၊ ဘန်လေဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်၊ ဖူလ်ဟမ်နောက်ခံလူ အဒါဘိုင်ယိုတို့ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ကစားသမားလေးယောက်အထိ အနည်းဆုံး ခေါ်ယူသွားမှာဖြစ်ပြီး ဘယ်နောက်ခံလူနေရာအတွက်လည်း ကစားသမားသစ် ခေါ်ယူသွားမယ်လို့ သိရှိရပါတယ်။ ဒီမတိုင်ခင်မှာတော့ ချဲလ်ဆီးတို့ ဂယ်လာဂါ၊ မက်ဆန်၊ ဘရိုဂျာ၊ ချာလိုဘာ့ဂ်တို့ကို ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။
တော့ဒ်ဘိုလေ အသင်းကို စတင်တာဝန်ယူချိန်ကတည်းက ချဲလ်ဆီးတို့ အပြောင်းအရွှေ့ရာသီတိုင်းမှာ အနည်းဆုံး ပေါင်သန်း ရာဂဏန်းအထိ သုံးစွဲခဲ့တာပါ။ ဒါပေမယ့်လည်း အသင်းက အောင်မြင်မှုလုံးဝမရှိသေးဘဲ နည်းပြအပြောင်းအလဲတွေနဲ့သာ လုံးလည်ချာလည်လိုက်နေတာဖြစ်ပါတယ်။