ဆရာကြီးနှစ်ယောက် တယောက်တမျိုးဖြစ်နေကြတာပါ။

ပီအက်စ်ဂျီနည်းပြသစ်နေရာအတွက် အမ်ဘာပေနဲ့မက်ဆီတို့အကြား သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ စပိန်အခြေစိုက်သတင်းစာတွေက ဖော်ပြပါတယ်။ ပီအက်စ်ဂျီရဲ့ လက်ရှိနည်းပြ ပိုချက်တီနိုက အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်ကျန်ရှိနေပါသေးတယ်။



ဒါပေမယ့် ဒီနည်းပြကို မက်ဆီနဲ့အမ်ဘာပေအပါအဝင် ပီအက်စ်ဂျီ ကစားသမားတွေ မကြိုက်နှစ်သက်ဘူးလို့ ဒီမာရီယာက ဖွင့်ဟသွားခဲ့သလို ပိုချက်တီနိုရဲ့နေရာကို အစားထိုးဖို့အတွက်လည်း အမ်ဘာပေက အပူတပြင်း ကြိုးစားနေပါတယ်။ အမ်ဘာပေဟာ လက်ရှိပီအက်စ်ဂျီမှာ အားကစားဒါရိုက်တာနဲ့နည်းပြတို့ထက် လုပ်ပိုင်ခွင့် ပိုမိုရရှိထားသူပါ။

ဒီလိုမျိုး ပီအက်စ်ဂျီနည်းပြသစ်နေရာအတွက် မက်ဆီက ရေးဗားပလိတ်နည်းပြ မာဆယ်လိုဂယ်လာဒိုကို ခန့်အပ်ဖို့ အကြံပေးခဲ့ပေမယ့် အမ်ဘာပေကတော့ မက်ဆီရဲ့အကြံဥာဏ်ကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။ အမ်ဘာပေဟာ နည်းပြသစ်နေရာအတွက် လူမသိ၊ သူမသိ နည်းပြကို မခန့်အပ်ချင်ဘဲ ဥရောပမှာ နာမည်ရပြီးသား နည်းပြကိုသာ ခန့်အပ်လိုပါတယ်။

အဲ့ဒီအတွက် ဇီဒန်းကို ပစ်မှတ်ထားနေပေမယ့် ဇီဒန်းကတော့ ပြင်သစ်လက်ရွေးစင်ကိုသာ ကိုင်တွယ်ဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိ ပီအက်စ်ဂျီနည်းပြသစ်နေရာအတွက် နိုက်စ်နည်းပြ ဂဲလ်တီယာ၊ ရိုးမားနည်းပြ မော်ရင်ဟိုနဲ့ စပို့တင်းလစ္စဘွန်းနည်းပြ အမော်ရင်မ်တို့ သတင်းတွေထွက်နေပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာရာထူးအတွက်လည်း လီယိုနာဒိုကို ရာထူးကထုတ်ပယ်ကာ သူ့ကိုစင်တင်ပေးခဲ့တဲ့ ကမ်းပို့စ်ကိုသာ ခန့်အပ်မယ်လို့ သိရှိရပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်းတွင်း အနေအထားက အမ်ဘာပေရဲ့ဖြစ်တည်မှုကြောင့် ရှုပ်ထွေးမှုတွေရှိနေပါတယ်။ နည်းပြသစ်ခန့်အပ်ဖို့ အဆင်မပြေခဲ့ရင်လည်း ပိုချက်တီနိုကပဲ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နွေရာသီအထိ ဆက်လက်ကိုင်တွယ်သွားဖွယ်ရှိပါတယ်။ 

Share

က္က