အဲရစ်တန်ဟက်ခ်ကို ဥရောပထိပ်သီး (၂) သင်းကလည်း ချဥ်းကပ်နေပါတယ်။

ယူနိုက်တက်အနေနဲ့ နည်းပြသစ်အတွက် အဲရစ်တန်ဟက်ခ်ကို ခန့်အပ်မယ်ဆိုရင် အလျင်အမြန် လှုပ်ရှားဖို့ လိုအပ်တယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ အသက် (၅၃) နှစ်အရွယ် အဆိုပါနည်းပြဟာ လာမယ့် နွေရာသီမှာ အေဂျက်စ်ကနေ သေချာပေါက်ထွက်ခွာမှာပါ။



ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ အဲရစ်တန်ဟက်ခ်တို့ ပြီးခဲ့တဲ့ တနင်္လာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲရစ်တန်ဟက်ခ်နဲ့ ပတ်သက်လို့ ယူနိုက်တက်ဘက်က ကျေနပ်မှုရှိပေမယ့် လိုပက်တယ်ဟီ၊ ပိုချက်တီနို၊ လူးဝစ်အင်းနရစ်တို့နဲ့ ဆွေးနွေးပြီးမှ ဘယ်သူ့ကိုခန့်မယ်ဆိုတာ ဆုံးဖြတ်မှာပါ။

ဒါပေမယ့် အဲရစ်တန်ဟက်ခ်ကို ခန့်အပ်ချင်တယ်ဆိုရင်တော့ ယူနိုက်တက်တို့ နှောင့်နှေးနေလို့ မရပါဘူး။ သတင်းတွေရဲ့ဖော်ပြချက်အရ ဥရောပ ထိပ်တန်း အသင်းနှစ်သင်းက အဲရစ်တန်ဟက်ခ်နဲ့ ဆွေးနွေးထားတယ်လို့ သိရပါတယ်။ နာမည်ဖော်ပြထားခြင်းမရှိတဲ့ ဒီနှစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့် ပုံမှန်ရရှိနေတဲ့ အသင်းတွေလို့လည်း ဆိုပါတယ်။

ဒီနှစ်သင်းထဲက တသင်းဟာ အဲရစ်တန်ဟက်ခ်ကိုတောင် ကမ်းလှမ်းမှု ပြုလုပ်ထားပြီလို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်အနေနဲ့ အဲရစ်တန်ဟက်ခ်အတွက် လက်တွန့်နေလို့ မရတော့ဘူးလို့ သတင်းတွေက ဖော်ပြနေတာပါ။ အဲရစ်တန်ဟက်ခ်ကလည်း အင်္ဂလိပ်စကားကို သင်ကြားနေပြီး သူ့ရဲ့ ဘာသာစကားအရည်အချင်းကလည်း တိုးတက်လာတယ်လို့ သိရပါတယ်။

ယူနိုက်တက်နဲ့ နောက်ထပ်အကျယ်လောင်ဆုံး သတင်းတွေထွက်နေတဲ့ ပိုချက်တီနိုအတွက်တော့ ယူနိုက်တက်တို့ ငွေပိုသုံးရဖွယ်ရှိပါတယ်။ ပိုချက်တီနိုကို ပီအက်စ်ဂျီက ရာထူးကမထုတ်ပယ်ဘဲ ယူနိုက်တက်တို့ ခေါ်ယူမယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေးက အဲရစ်တန်ဟက်ခ်ထက် ပိုပေးရပါလိမ့်မယ်။

ယူနိုက်တက်ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေကြားထဲမှာတော့ အဲရစ်တန်ဟက်ခ်က ရေပန်းစားနေပြီး ကစားသမားတွေကတော့ ပိုချက်တီနိုကိုသာ ပိုမိုအလိုရှိနေတယ်လို့လည်း ဒီကာလတလျှောက်မှာ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ မကြာခင်မှာ နည်းပြသစ်ဘယ်သူဆိုတာကို ကြေညာသွားဖွယ်လည်းရှိနေပါတယ်။ 

Share

Loading Next Article...
က္က