အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့မှာ ဒီနေ့ည ၇ နာရီက ကစားခဲ့တဲ့ ၃ နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ် အိမ်ရှင် အိန္ဒိယနဲ့ မြန်မာတို့ ကစားခဲ့ကြပါတယ်။ မြန်မာအသင်းကတော့ ပြည်ပထွက်ကစားနေတဲ့ ကစားသမားတွေကို အဓိကပွဲထုတ်လာခဲ့ပြီး အိန္ဒိယကလည်း သူတို့ရဲ့ စူပါလိဂ်ကလပ်အသင်းတွေက ကစားသမားတွေနဲ့ ပွဲထွက်လာပြီး နာမည်ကြီးတိုက်စစ်မှူး အသင်းခေါင်းဆောင်ချက်ထရီက ဦးဆောင်ခဲ့ပါတယ်။
အိန္ဒိယက မြန်မာထက် ပိုမိုမြန်ဆန်ပြီး ကြံ့ခိုင်မှုပိုင်းလည်း သာလွန်ခဲ့ပါတယ်။ အသင်းလိုက်ကစားဟန်မှာလည်း မြန်မာထက် အချိတ်အဆက်ပိုမိသလို တဦးချင်းအမှားတွေလည်း နည်းပါးခဲ့လို့ ပွဲကိုအသာစီးက ကစားနိုင်ခဲ့ပြီး အိန္ဒိယတိုက်စစ်ကို မြန်မာတို့ တော်တော်လေးထိန်းယူခဲ့ရပြီး ခံစစ်ပိုင်းက အမှားအယွင်းတွေလည်း များပြားနေခဲ့ပါတယ်။
အောင်သူ၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်နဲ့ သန်းပိုင်တို့ရဲ့ မြန်မာတိုက်စစ်ဟာ ပြိုင်ဘက်ကို ကောင်းကောင်းဖိအားမပေးနိုင်ခဲ့ပါဘူး။ အဝေးကန်ချက်တွေနဲ့သာ ဂိုးရဖို့ ကြိုးစားနေခဲ့ရပြီး အောင်သူရဲ့ ကန်သွင်းချက်ကို အိန္ဒိယဂိုးသမားပုတ်ထုတ်ခဲ့မှုသာ စိတ်လှုပ်ရှားစရာရှိခဲ့ပါတယ်။ အိန္ဒိယကတော့ ချက်ထရီရဲ့ အဆုံးသတ်အားနည်းမှုကြောင့်သာ ဂိုးစောစောမရခဲ့တာပါ။ ဒါပေမယ့် ပထမပိုင်းနာကျင်အချိန်ပိုမှာ အိန္ဒိယက မြန်မာခံစစ်လူအမှားကတဆင့် ဦးဆောင်ဂိုးကို စတင်သွင်းယူပြီး ပထမပိုင်းကို ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာက ချေပဂိုးရဖို့အတွက် အရှိန်မြှင့်လာခဲ့ပေမယ့် အိန္ဒိယခံစစ်ကို ထိုးဖောက်ဖို့တော့ အဖြေရှာမတွေ့ဖြစ်နေခဲ့ပါတယ်။ အိန္ဒိယရဲ့ မြန်ဆန်တဲ့ တိုက်စစ်ကိုလည်း မနည်းထိန်းယူနေရပြီး အထူးသဖြင့် ခံစစ်ပိုင်းကစားသမားတွေ တော်တော်လေးအားနည်းတာကို တွေ့ရပါတယ်။
မြန်မာကတော့ ချေပဂိုးရဖို့ထက် တဦးနဲ့တဦး အပေးအယူမှန်ဖို့တောင် မနည်းကြီးကို လုပ်နေခဲ့ရပါတယ်။ ချက်ထရီအခွင့်အရေးတွေ အသုံးမချနိုင်တာ၊ ကျန်ကစားသမားတွေ အဆုံးသတ်ညံ့တာတွေကြောင့်သာ အိန္ဒိယတို့ နောက်ထပ်ဂိုးတွေမရခဲ့တာဖြစ်ပြီး မြန်မာကတော့ ကြီးကြီးမားမားခြိမ်းခြောက်မှုတောင်မလုပ်နိုင်ခဲ့ပါဘူး။ ပွဲအပြီးမှာတော့ ၁-၀ နဲ့ မြန်မာတို့ အရေးနိမ့်ခဲ့ပြီး ၂၅ ရက်နေ့ကစားရမယ့် ကာဂျစ္စတန်နဲ့ပွဲကို အနိုင်ရဖို့ပဲ မျှော်လင့်ရမှာဖြစ်ပါတယ်။
Photo : MFF