လီဗာပူးဂန္တဝင်ကြီး ကင်နီဒဲဂလစ်ရှ်က ယူနိုက်တက်နည်းပြသစ် ရန်းနစ်ဂ်နဲ့ ပတ်သက်လို့ ယူနိုက်တက်တို့ ရင်ဆိုင်ရဦးမယ့် ပြဿနာတွေအပေါ် ထောက်ပြဝေဖန်မှုတွေ ပြုလုပ်လာပါတယ်။ ရန်းနစ်ဂ်ဟာ ယာယီနည်းပြအဖြစ် (၆) လခွဲစာချုပ်ချုပ်ဆိုထားပြီး အဲ့ဒီနောက် အသင်းအတိုင်ပင်ခံရာထူးအတွက် (၂) နှစ် စာချုပ်ချုပ်ဆိုထားတာပါ။
ရန်းနစ်ဂ်ဟာ မနေ့က ယူနိုက်တက်နည်းပြဘဝအဖွင့်ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ကလည်း အသင်းလိုက်၊ တဦးချင်း ပုံစံကောင်းတွေ ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒဲဂလစ်ရှ်ကတော့ ရန်းနစ်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေရှိလာနိုင်တာကို အခုလိုပဲ ထောက်ပြခဲ့ပါတယ်။
ဒဲဂလစ်ရှ်က “ရန်းနစ်ဂ်က ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခံထားရတာပေါ့။ ဒါဆို အဲ့ဒီနောက်ပိုင်းရော။ သူ အောင်မြင်မှုရရင်ရော အတိုင်ပင်ခံရာထူးနဲ့ ဆက်ထားမှာလား? ဒီအတွက် အိုးထရက်ဖို့ဒ်က တာဝန်ရှိသူတွေ စီစဥ်ပြီးသားဖြစ်ပါလိမ့်မယ်။ သေချာတာတခုကတော့ ရန်းနစ်ဂ်က ရာသီကုန်အထိ နည်းပြအဖြစ် ရှိနေမှာပါ”
“အပြင်လူကြည့်ရင်တော့ ယူနိုက်တက်က အမြဲတမ်းနည်းပြရာထူးအတွက် အစီအစဥ်ကောင်း ရှိနေပြီးသားလိုမျိုးပါပဲ။ ဒါပေမယ့် အဲ့ဒီလူက ရန်းနစ်ဂ်နဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေမယ့်လူမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ နည်းပြသစ်ကရော ရန်းနစ်ဂ်နဲ့ အလုပ်တွဲလုပ်ချင်ပါ့မလား?”
“တခြားဘက်ကကြည့်ရင်လည်း ရန်းနစ်ဂ်က အောင်မြင်ခဲ့သည့်တိုင် နည်းပြသစ်ခေါ်လိုက်ရင် ခင်ဗျားက ကိုယ့်လည်ပင်းကိုယ်စင်းပေးလိုက်သလိုပါပဲ။ အဲ့ဒါကြောင့် ဒီကိစ္စက စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။ နောက်ပြီး ဘယ်လိုနည်းနဲ့မဆို ပြဿနာဖြစ်လာနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရန်းနစ်ဂ်နောက်ပိုင်း ယူနိုက်တက်ကတော့ အမြဲတမ်းနည်းပြအဖြစ် PSG နည်းပြ ပိုချက်တီနို၊ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်တို့နဲ့ သတင်းတွေထွက်ပေါ်နေပြီး လက်ရှိအချိန်ထိတော့ တိကျသေချာတဲ့ အဖြေတစုံတရာမရှိသေးပါဘူး။