ဘရာဇီးဂန္တဝင်ကစားသမားကြီး ကာဖူးက လက်ရှိ ဘရာဇီးလက်ရွေးစင် ကစားသမား နေမာနဲ့ ပတ်သက်လို့ အံ့အားသင့်ဖွယ် ချီးကျူးပြောကြားလာခဲ့ပါတယ်။ ဒါကတော့ အသက် (၂၈) နှစ်အရွယ် နေမာက ရော်နယ်ဒို၊ မက်ဆီတို့နှစ်ယောက်လုံးထက် နည်းစနစ်ပိုင်းအရ ပိုမိုကောင်းမွန်တယ်လို့ဆိုခဲ့တာပါ။
(၂၀၀၉) ဝန်းကျင်ကစလို့ ဥရောပဘောလုံး ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ နေမာဟာ PSG ကို ပြောင်းရွှေ့ပြီးခဲ့တဲ့နောက် လက်ရှိအချိန်ထိ ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။
အခြားတစ်ဖက်မှာ နေမာရဲ့ ကွင်းတွင်း၊ ကွင်းပြင် အပြုအမူတွေက သူ့ကို ရော်နယ်ဒို၊ မက်ဆီတို့အလွန် ကမ္ဘာ့အကောင်းဆုံးဖြစ်လာမယ့်အရေးကို တားဆီးပိတ်ပင်နေဆဲပါ။
ဒါပေမယ့်လည်း ကာဖူးကတော့ နေမာနဲ့ ပတ်သက်လို့ အကောင်းမြင်စိတ်ရှိနေပြီး အခုလိုမျိုးပဲ ချီးကျူးခဲ့ပါတယ်။ မာကာနဲ့အင်တာဗျူးခန်းမှာ ကာဖူးက “နည်းစနစ်ပိုင်းအရ ကြည့်မယ်ဆိုရင် နေမာက မက်ဆီထက်ရော၊ ရော်နယ်ဒိုထက်ရော ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူက ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို သေချာပေါက်ယူနိုင်ရပါမယ်”
“သူ့အနေနဲ့ ဘောလုံးအတွက်ပဲ ရာနှုန်းပြည့်မြှုပ်နှံထားသင့်ပါတယ်။ ကျနော်က နေမာထက်တော့ ပိုမကောင်းနိုင်ပါဘူး။ ဒါပေမယ့် အခြားညာနောက်ခံလူတွေအားလုံးထက် ကျနော်ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်ကိုယ်ကျနော် ဒီအတွက် ရင်းနှီးပေးဆပ်ခဲ့လို့ပါ။ နေမာလည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
နေမာဟာ ကလပ်ကစားသမားဘဝမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တယ်ဆိုပေမယ့် လက်ရွေးစင်ကစားသမားဘဝမှာ အဓိကအောင်မြင်မှုတွေဝေးကွာနေဆဲပါ။ နေမာအနေနဲ့ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ ဘရာဇီးနဲ့အတူ ဗိုလ်စွဲနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒီကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တယ်လို့လည်း အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။