ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ နည်းစနစ်ပိုင်းအရည်အချင်းမှာ သူ့ထက်ပိုမိုသာလွန်တဲ့ ကစားသမား ၅ ဦးရှိတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
အသက် ၃၀ အရွယ် တောင်ပံကစားသမားဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ ယူဆခြင်းခံထားရသူဖြစ်ပြီး ၎င်းရဲ့ မယုံနိုင်စရာကောင်းတဲ့ အလိမ်အခေါက်စွမ်းရည်တွေကို ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာ ပြသဖို့ ဝန်မလေးသူဖြစ်ပါတယ်။ နေမာဟာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှာ နာမည်တစ်လုံး ရလာခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံရမှုနဲ့အတူ ကမ္ဘာ့ဘောလုံးလောရဲ့ အလျင်မြန်ဆုံးထွန်းတောက်လာတဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမားရဲ့ နောက်ထပ်ပြောင်းရွှေ့မယ့် နေရာဖြစ်လာခဲ့တာဖြစ်ပြီး နေမာဟာ နူးကမ့်မှာ လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ်တို့နဲ့အတူ တွဲကစားရင်း ခြေစွမ်းပိုင်း တဟုန်ထိုး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လီယွန်နယ် မက်ဆီ၊ အမ်ဘာပေတို့နဲ့အတူ ပီအက်စ်ဂျီမှာ ဥရောပရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်စစ်အတွဲကို ပုံဖော်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Oh My Goal နဲ့ စကားပြောဆိုရာမှာ နေမာက လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ ၎င်းက နည်းစနစ်ပိုင်းအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ ပြောကြားခဲ့ပြီး ကိုယ့်အရည်အချင်းကို ယုံကြည်ချက်အပြည့်ရှိကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးက ၎င်းထက် နည်းစနစ်ပိုင်း ပိုမိုကောင်းမွန်တဲ့ ကစားသမား ၅ ဦးထဲမှာ ထည့်သွင်းရွေးချယ်ခဲ့တဲ့ ဘာစီလိုနာဂန္တဝင် လီယွန်နယ် မက်င်္ဆီကို ချီးကျူး ပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပြီး အားလုံးက အာဂျင်တီးနားအသင်းခေါင်းဆောင်နဲ့အတူ တွဲကစားချင်ကြတဲ့သူတွေချည်းပဲလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နေမာရဲ့ နည်းစနစ်အကောင်းဆုံးကစားသမား ၅ ဦးစာရင်းထဲမှာ လီယွန်နယ် မက်ဆီနဲ့အတူ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဟာဇက်၊ မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနား၊ ပီအက်စ်ဂျီအသင်းဖော် ဗာရက်တီနဲ့ လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် သီယေဂို အယ်လ်ကန်တာရာတို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ နေမာဟာ ၎င်းထက် နည်းစနစ်ပိုင်း ပိုမိုသာလွန်တဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ "ကျွန်တော့်ထက် နည်းစနစ်ပိုင်း ပိုမိုသာလွန်တဲ့သူလား။ အင်း။ ကျွန်တော့်ထက် ပိုပြီး သာလွန်တဲ့သူတွေ။ ကျွန်တော် အဲဒါကို ဖြေနိုင်မလားဆိုတာကို မသိပါဘူး"
"ကျွန်တော်ကတော့ ဒီနေ့ဘောလုံးလောကမှာ ကျွန်တော့်ကိုယ် ကျွန်တော် နည်းစနစ်ပိုင်းအကောင်းမွန်ဆုံးကစားသမားတွေထဲက တစ်ဦးလို့ ယူဆထားပါတယ်။ ဒါပေမယ့် ကျွန်တော် မက်ဆီလို့ ပြောရပါလိမ့်မယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ် ဒီနေ့ တွဲကစားချင်တဲ့ကစားသမားပါ။ အဲဒါက မက်ဆီဆိုတာ ရှင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက နံပါတ်တစ်ဖြစ်နေလို့၊ တသက်တာအကောင်းဆုံးကစားသမားဖြစ်နေလို့ပါ။ ကလပ်အသင်းတိုင်း၊ ကစားသမားတိုင်းက သူ့ကို ချစ်မြတ်နိုးတယ်။ အားလုံးက သူနဲ့ တွဲကစားချင်ကြတယ်။ ကျွန်တော် မက်ဆီ၊ ဟာဇက်၊ ဒီဘရိုင်းနား၊ ဗာရက်တီတို့လို့ ပြောရပါမယ်။ ကျွန်တော် တစ်ယောက် ပျောက်နေတယ်။ ဟုတ်တယ်မလား။ ကျွန်တော့်ထက် နည်းစနစ်ပိုင်း ပိုကောင်းမွန်တဲ့သူက သီယေဂို အယ်လ်ကန်တာရာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။