အမေရိကန်အစိုးရဟာ Huawei နဲ့ သူရဲ့ Semiconductors မိတ်ဖက်နိုင်ငံခြားကုမ္ပဏီတွေအကြား ဆက်ဆံရေးပါ ဖြတ်တောက်ဖို့ လုပ်ဆောင်နေပါတယ်။
အမေရိကန်ကုန်သွယ်ရေးဌာနဟာ အမေရိကန်ဆော့ဖ်ဝဲလ်နဲ့ နည်းပညာတွေ အသုံးပြုထားတဲ့ ချပ်စ်များ ဝယ်ယူမှုကနေ Huawei ကို ပိတ်ပင်ဖို့ ပို့ကုန်စည်းမျဉ်း ပြင်ဆင်ချက်တစ်ခု ထုတ်ထားတယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ကုန်သွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ စက်မှုနဲ့ လုံခြုံရေးဗြူရို (BIS) ဟာ အမေရိကန်အမျိုးသားလုံခြုံရေးကာကွယ်ဖို့ နိုင်ငံရပ်ခြားက Huawei ရဲ့ semiconductor တွေကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ရာမှာ အမေရိကန်ရဲ့ နည်းပညာနဲ့ ဆော့ဖ်ဝဲလ်များ အသုံးပြုခွင့် ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။
Photo: CNBC
"Huawei နဲ့ HiSilicon တို့ ချိုးဖောက်ထားတဲ့ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို ပြင်ဆင်ရပါမယ်။ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားမူဝါဒအကျိုးနဲ့ ဆန့်ကျင်ပြီး အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်မှုကနေ အမေရိကန် နည်းပညာတွေကို ကာကွယ်ရပါမယ် " လို့ ကုန်သွယ်ရေးအတွင်းဝန် ဝီလ်ဘာရော့စ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီပြင်ဆင်လိုက်တဲ့ ပို့ကုန်ဥပဒေအရ Huawei အတွက် ချပ်စ်များ ထုတ်ပေးနေတဲ့ နိုင်ငံခြား semiconductor စက်ရုံတွေဟာ အမေရိကန်ရဲ့ နည်းပညာနဲ့ ဆော့ဖ်ဝဲလ်တွေ အသုံးပြုနေတယ်ဆိုရင် ကုန်သွယ်ရေးဌာနရဲ့ လိုင်စင်ရမှပဲ ထုတ်ပေးနိုင်တော့မှာပါ။ The Wall Street Journal ရဲ့ ဖော်ပြချက်အရ လိုင်စင်လိုအပ်ချက်ဟာ Huawei HiSilicon unit အတွက် ထုတ်လုပ်ရောင်းချနေတဲ့ ထိုင်ဝမ်မှ TSMC ထုတ် semiconductor ရောင်းချမှုကိုပါ ကုန်သွယ်ရေးဌာနအနေနဲ့ ပိတ်ပင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: Yahoo News
ကိုယ်ပိုင်chipset ထုတ်လုပ်နေတယ်ဆိုပေမယ့် Hisilicon ဟာ semiconductor ထုတ်လုပ်ရေးကုမ္ပဏီ TSMC စက်ရုံနဲ့ စာချုပ်ချုပ်ပြီး ထုတ်လုပ်မှု အပ်ထားတာပါ။ Huawei အနေနဲ့ chipset များ ဆက်လက်မှာယူနိုင်ဖို့ နဲ့ တစ်ချို့ အမေရိကန်နည်းပညာကုမ္ပဏီတွေရဲ့ semiconductor ဒီဇိုင်းတွေ ဆက်သုံးဖို့အတွက် ကုန်သွယ်ရေးဌာနဆီက လိုင်စင်လျှောက်ရမှာ ဖြစ်ပါတယ်။ ဥပဒေသစ်အရ Huawei ကုမ္ပဏီဆီ တင်ပို့ဖို့ ထုတ်လုပ်နေတဲ့ ချပ်စ်တွေကို ဒီနေ့ကနေ ရက်ပေါင်း ၁၂၀ အတွင်း အပြီးတင်ပို့ခွင့် ပြုသွားမှာပါ။
သမ္မတထရမ့်အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် မေလထဲမှာ Huawei နဲ့ တရားဝင်စီးပွားရေးမိတ်ဖက်ကုမ္ပဏီ ၁၁၄ ခုကို Entity List စာရင်းမှာ ထည့်သွင်းကြောင်း ကြေညာပြီး ပိတ်ပင်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ အမေရိကန်အစိုးရအဖွဲ့ဟာ Huawei ပေါ် ပိတ်ဆို့အရေးယူမှုကို ၂၀၂၁ ခုနှစ် မေလအထိ သက်တမ်းတိုးကြောင်း ကြေညာခဲ့ပါတယ်။