မတ်လ ၂၉ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းလိုက်တာပါ။

သံတမန်တွေ၊ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ လေယာဉ်မှုး၊ သင်္ဘောအရာရှိတွေ၊ တာဝန်ရှိ အမှုထမ်းတွေက လွဲပြီး အခြားနိုင်ငံခြားသားတွေကို မတ်လ ၂၉ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ ပြည်ဝင်ခွင့်ယာယီရပ်ဆိုင်းလိုက်ပြီလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ မြန်မာနဲ့ နှစ်နိုင်ငံပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ နိုင်ငံတွေက သံတမန် နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်သူတွေက လွဲပြီး ကျန်တဲ့ နိုင်ငံခြားသားတွေကို လည်းဗီဇာကင်းလွတ်ခွင့်ကို ယာယီရပ်ဆိုင်းမယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာဆိုင်ရာသံတမန်တွေ၊ မြန်မာအခြေစိုက်ကုလဝန်ထမ်းတွေအနေနဲ့ ပြည်ပနိုင်ငံတွေကို မြန်မာသံရုံး၊အဖွဲ့ရုံး၊ကောင်စစ်ဝန်ချုပ်ရုံးတွေကတစ်ဆင့် ပြည်ဝင်ဗီဇာလျှောက်ထားနိုင်ပြီး သူတို့အနေနဲ့ မြန်မာနိုင်ငံကို မလာရောက်မီမှာ ၇၂ နာရီ မတိုင်မီက ရရှိထားတဲ့ COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထားပြသဖို့လိုအပ်ပြီး မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်မှာ နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း Home Quarantineလုပ်သွားရမယ်လို့ဆိုပါတယ်။ 

မြန်မာနိုင်ငံနဲ့ အပြန်အလှန်ပြေးဆွဲနေတဲ့ လေယာဉ်တွေနဲ့ သင်္ဘောတွေက လေယာဉ်မှူးတွေ၊ သင်္ဘောအရာရှိတွေ၊ တာဝန် အမှုထမ်းတွေကလည်း ပြည်ပနိုင်ငံတွေမှာရှိတဲ့သက်ဆိုင်ရာ မြန်မာသံရုံး၊အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့ကတစ်ဆင့် ပြည်ဝင်ဗီဇာလျှောက်ထားရယူရမှာ ဖြစ်ပြိး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်နဲ့ ညွှန်ကြားချက်နဲ့ အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမယ်လို့ သိရပါတယ်။

ပြည်ပနိုင်ငံအသီးသီးကနေ ခရီးသွားတွေအနေနဲ့ မလွှဲမရှောင်သာဖြစ်စေ အရေးပေါ်တာဝန်နဲ့ ဖြစ်စေ မြန်မာနိုင်ငံကို လာရောက် ဖို့ ရှိပါက ပြည်ဝင်ဗီဇာကန့်သတ်မှုတွေကင်းလွတ်ခွင့်ရရှိနိုင်အောင်ပြည်ပ နိုင်ငံတွေက မြန်မာသံရုံး၊အဖွဲ့ရုံး၊ကောင်စစ်ဝန်ချုပ်ရုံးတွေကို ဆက်သွယ်အကူအညီတောင်းခံရမယ်လို့ ကြေညာထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 Positive လူနာ (၈) ဦးရှိနေပြီး အသက် (၅၈) နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ ကုလသမဂ္ဂ ဝန်ထမ်းအမျိုးသမီးတစ်ဦးလည်း ပါဝင်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

Share

Loading Next Article...
က္က