တစ်နိုင်ငံလုံးအကျိုးလိုအပ်ပါက အချို့နေရာတွေမှာ အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သို့ ဆောင်ရွက်မှာဖြစ်ပြီး ဒီလိုလုပ်ခဲ့ရင်တော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးမပြတ်လပ်စေရေးဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီနေ့ မတ်လ ၃၁ ရက် ညနေ ၆ နာရီမှာ နိုင်ငံပိုင်မီဒီယာကတစ်ဆင့်ထုတ်လွှင့်ခဲ့တဲ့ COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထု အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကပ်ရောဂါကြီးဖြစ်နိုင်တယ်လို့ ကြေညာချက်အပြီးမှာ ပြည်သူများ အကြား Lock Down မလုပ်သေးဘူးလားလို့ တိုက်တွန်းနေသူတွေရှိသလို ဘယ်တော့ lock down လုပ်မလားလို့စိုးရိမ်နေတဲ့သူတွေ ရှိပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအကျိုးလိုအပ်လျှင် တစ်ချို့သော နေရာတွေမှာ အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သု့ိကန့်သတ်မှုများဆောင်ရွက်ကောင်းဆောင်ရွက်မယ်။ ဒီလိုဆောင်ရွက်ရန်ရှိရင်လည်း စားနပ်ရိက္ခာ၊ဆေးဝါး စတာတွေ မပြတ်လပ်စေရေး ၊ တည်ငြိမ်အေးချမ်းရေးတို့ကို စနစ်တကျဆောင်ရွက်နိုင်ဖို့ ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။
အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ဆောင်ရွက်ခဲ့ရင်လည်း ပြည်သူတွေကို စောစော အသိပေးသွားမယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကျိုးဆက်တွေကို တွက်ချက်ပြီး ပြည်သူတွေ ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်အောင် နိုင်ငံတော်အစိုးရက အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေတယ် လို့လည်းသိရပါတယ်။
လက်ရှိမှာ အလုပ်သမားတွေကို လုပ်ခလစာပေးနိုင်ဖို့၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့အတွက် အလိုအပ်ဆုံးလုပ်ငန်းတွေကို ချေးငွေတွေ ထုတ်ချေးပေးတာတွေ စတင်နေပြီလို့လည်းဆိုပါတယ်။
ရောဂါပိုးမကူးစက်နိုင်အောင် အိမ်ပြင်မှာပဲဖြစ်ဖြစ်၊ အိမ်တွင်းမှာပဲဖြစ်ဖြစ် လူစုလူဝေးတွေကို ရှောင်ကြည်ရမှာဖြစ်ပြီး ဆွေမျိုးမိတ်ဆွေတွေစုပြီးနီးနီးကပ်ကပ်နေကြတာကလည်း အပြင်ထွက် လူအုပ်ထဲတိုးတာလို အန္တရာယ်ရှိတယ်လို့ အတိုင်ပင်ခံက သတိပေးပြောကြားပါတယ်။
ဒါကြောင့် နှာစေးချောင်းဆိုးဖျားနာ၊ အသက်ရှူကြပ် ရောဂါလက္ခဏာတွေခံစားခဲ့ရင် စောစောဆေးကုသမှုခံယူဖို့၊ Quarantine လုပ်ခံရသူတွေဟာ ရောဂါကူးစက်နိုင်တဲ့အနေအထားရှိတာကြောင့် ဒီလိုသီးခြားစောင့်ကြည့်ခံယူရတာက မိမိအတွက်လည်း အကျိုးများပြီး ရောဂါဖြစ်လာခဲ့ရင် စောစောဆေးကုသမှုခံယူနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
Share