နိုင်ဂျီးရီးယားတောင်ပိုင်း Rivers ပြည်နယ်ရှိ ဟိုတယ်တွေကို ဖြိုဖျက်ခဲ့ပါတယ်။

နိုင်ဂျီးရီးယားမှာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး lockdown စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ဆိုကာ အာဏာပိုင်တွေက ဟိုတယ်နှစ်လုံးကို ဖြိုဖျက်ခဲ့ကြောင်း သိရပါတယ်။

(Photo: BBC)

ရေနံပေါကြွယ်ဝတဲ့ နိုင်ဂျီးရီးယားတောင်ပိုင်း Rivers ပြည်နယ်ရှိ ဟိုတယ်တွေကို ဖြိုဖျက်ခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ (မေ ၁၀ ရက်) က Edemete နဲ့ Prodest Home ဟိုတယ်တို့ကို ဖြိုဖျက်ရာမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး Nyesom Wike ကိုယ်တိုင် လာရောက်ကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။



ဟိုတယ်တွေ ပိတ်ထားသင့်ကြောင့် အမိန့်ညွှန်ကြားချက်ကို ပိုင်ရှင်တွေက ဆန့်ကျင်ခဲ့ကြကြောင်း ၎င်းကပြောပါတယ်။ ပြည်နယ်တစ်ဝှမ်းရှိ ဟိုတယ်တွေမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူများ တွေ့ရှိခဲ့ရကြောင်း Nyesom Wike က ဆိုပါတယ်။ သို့သော် ယခုဖြိုဖျက်ခဲ့တဲ့ ဟိုတယ်များမှာ COVID-19 ကူးစက်ခံရသူရှိ မရှိကိုတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးက မပြောခဲ့ပါဘူး။ ဟိုတယ်နှစ်ခုလုံးရဲ့ မန်နေဂျာတွေကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

(Photo: @ogundamisi/Twitter)

ဟိုတယ်တွေကို COVID-19 စည်းမျဥ်းစည်းကမ်း ချိုးဖောက်မှုဖြင့် ဖြိုဖျက်ခဲ့မှုအပေါ် သက်ဆိုင်ရာ ဟိုတယ်များဘက်ကတော့ အငြင်းပွားခဲ့ကြပါတယ်။ Prodest ဟိုတယ်ပိုင်ရှင် Gogorobari Promise Needam ကတော့ ၎င်းရဲ့ဟိုတယ်ကို ဖွင့်လှစ်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

"ဟိုတယ်က ဖွင့်မထားပါဘူး၊ ဝန်ထမ်း ၇၀ ရာခိုင်နှုန်းကိုလည်း တခြားကိုပို့ထားပါတယ်၊ လူသုံးယောက်ပဲရှိတာပါ၊ တာဝန်ရှိသူတွေက ဟိုတယ်ကိုရောက်လာပြီး လာဘ်ငွေတောင်းခဲ့တယ်လေ၊ သူတို့ကို ငွေပေးရင် ဟိုတယ် ပြန်ဖွင့်ပေးမယ်လို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ဟိုတယ်ပိတ်ထားလို့ ပေးစရာ ငွေမရှိဘူးလို့ ပြောခဲ့တယ်" လို့ Gogorobari Promise Needam က BBC သတင်းဌာနကို ပြောပါတယ်။ Rivers ပြည်နယ်အစိုးရက ဟိုတယ်ပိုင်ရှင်ရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

(Photo: @ogundamisi/Twitter)

Rivers ပြည်နယ်မှာ လက်ရှိ ဆေးရုံတက်နေရဆဲ COVID-19 လူနာ ၁၅ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ကြာသတေးနေ့ (မေ ၇ ရက်) မှစပြီး ပြည်နယ်မြို့တော် ပို့တ်ဟာကော့တ် (Port Harcourt) ကို lockdown လုပ်ထားခဲ့ပါတယ်။ ယနေ့ (မေ ၁၂ ရက်) မနက်ပိုင်းအထိ နိုင်ဂျီးရီးယားမှာ COVID-19 ကူးစက်ခံရသူ ၄,၃၉၉ ဦး၊ သေဆုံးသူ ၁၄၃ ဦးနဲ့ ပြန်လည်သက်သာသူ ၇၇၈ ဦးရှိခဲ့ပါတယ်။

နိုင်ဂျီးရီးယားရဲ့ စီးပွားရေးမြို့တော် လာဂို့စ် (Lagos) မြို့ဟာ ကူးစက်မှုဗဟိုချက်နေရာ ဖြစ်နေပါတယ်။ သို့သော် လာဂို့စ်မြို့နဲ့ အခြား ပြည်နယ်အချို့မှာ မတ်လကုန်မှစပြီး lockdown လုပ်ထားမှုတွေကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ခဲ့ကြောင်းလည်း သိရပါတယ်။ Lockdown ကိစ္စနဲ့ ပတ်သက်ပြီး Rivers ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ လုပ်ဆောင်မှုတွေကို တရားရုံးမှာ ဥပဒေအရ အရေးဆိုဆောင်ရွက်နိုင်ကြောင်း ဥပဒေကျွမ်းကျင်သူတွေက BBC ကို ပြောပါတယ်။

(Photo: Nigeria)

သို့သော် ပြည်နယ်အစိုးရကတော့ အုပ်ချုပ်ရေးမှူး Nyesom Wike က စီရင်ဆုံးဖြတ်ပိုင်ခွင့် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ထားရာ ၎င်းအနေနဲ့ lockdown အစီအမံကို လိုက်နာစေရန် အာဏာရှိတယ်လို့ ဆိုပါတယ်။ Rivers ပြည်နယ်ဟာ အစားအစာ အရောင်းဆိုင်တွေကိုပါ ပိတ်ပင်စေပြီး တင်းကျပ်ပြင်းထန်တဲ့ lockdown စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ဆောင်ရွက်မှုကြောင့် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

ဆရာဝန်များ၊ ဆေးဝါးရောင်းသူများနဲ့ အခြား မရှိမဖြစ် အလုပ်သမားများကလည်း ၎င်းတို့ဟာ နှောင့်ယှက်ခံရကြောင်းနဲ့ အချို့ကိစ္စတွေမှာ lockdown စည်းမျဥ်းစည်းကမ်း ချိုးဖောက်မှုဖြင့် အဖမ်းခံရကြောင်း ပြောဆိုမှုတွေရှိခဲ့ပါတယ်။ အာဏာပိုင်တွေက ပြည်နယ်အရှေ့ဘက်နယ်စပ်ကို အတားအဆီးများဖြင့် ပိတ်ဆို့ထားပြီး ခရီးသွားခြင်းမရှိစေရန် လုပ်ဆောင်ထားပါတယ်။ သို့သော် ထိုနေရာမှာ တာဝန်ကျ လုံခြုံရေးတွေက အမှောင်ထဲမှာ လူတွေကို ငွေယူပြီး ခိုးထုတ်ပေးနေကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။

(Photo: Business Today Nigeria)

Lockdown စည်းမျဥ်းစည်းကမ်း ချိုးဖောက်သူများထံမှ သိမ်းဆည်းထားတဲ့ ယာဥ်တွေကိုလည်း ပြည်နယ်တာဝန်ရှိသူတွေက လေလံပစ်ရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ Rivers ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးထံမှ ပုဂ္ဂိုလ်ရေးအရ အထူး ဖြတ်သန်းသွားလာခွင့် ရရှိထားသူများကိုသာ သွားလာလှုပ်ရှားခွင့်ပြုထားကြောင်း သိရပါတယ်။

Rivers ပြည်နယ်မှ ဖြစ်ရပ်နဲ့ပတ်သက်ပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့် အမိန့်ညွှန်ကြားချက်တစ်ရပ်ဟာ အုပ်ချုပ်ရေးမှူးကို အဆောက်အအုံများ ဖြိုဖျက်ရန် အခွင့်အာဏာ မပေးနိုင်ကြောင်း ရှေ့နေ Ahmed Abass က BBC ကို ပြောပါတယ်။ "သမ္မတ ဒါမှမဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်တဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့် အမိန့်ညွှန်ကြားချက်က လက်ရှိ ဥပဒေတွေကို ထိုက်သင့်အားလျော်စွာ ထပ်တိုးခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်လို့ မရပါဘူး" လို့ ရှေ့နေက ဆိုပါတယ်။

(Photo: @ogundamisi/Twitter)

ယခုဖြစ်ရပ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆောင်ရွက်သင့်မှုဟာ ဟိုတယ်ပိုင်ရှင်တွေကို ဖမ်းဆီးခြင်းနဲ့ တရားရုံးမှာ တရားစွဲဆိုပြီး ၎င်းတို့ကို တရားစီရင်စေခြင်း ဖြစ်တယ်လို့လည်း ရှေ့နေ Ahmed Abass က ထောက်ပြခဲ့ပါတယ်။ Lockdown စီမံဆောင်ရွက်ချက်တွေကို ကိုယ်တိုင် လုပ်ဆောင်နေတဲ့ Rivers ပြည်နယ်အုပ်ချုပ်ရေးမှူး Nyesom Wike ရဲ့ ဗီဒီယိုအချို့လည်း အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ဝေဖန်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က