အစိုးရမှ ထိန်းချုပ်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ ဖြစ်ကြောင်း Facebook မှာ ဖော်ပြသွားတော့မှာပါ။
သတင်းအချက်အလက်တွေ ဘယ်နေရာက လာနေသလဲဆိုတာ လူတွေ ရှင်းရှင်းလင်းလင်း သိရှိစေဖို့ ကြိုးပမ်းမှုအနေနဲ့ Facebook ဟာ အစိုးရမှ ချုပ်ကိုင်ထားတဲ့ မီဒီယာတွေကို label links များ ထိုးပေးသွားမှာ ဖြစ်တယ်လို့ CNET သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၂၀ နောက်ပိုင်းက စပြီး နိုင်ငံပိုင်သတင်းဌာနတွေဆီက ads ကြော်ငြာတွေကိုလည်း အားလုံးသိနိုင်အောင် ဖော်ပြပေးသွားမှာ ဖြစ်ပြီး အစိုးရပိုင် မီဒီယာတွေအနေနဲ့ အမေရိကန်နိုင်ငံအတွင်း ကြော်ငြာထည့်သွင်းမှုကိုလည်း ပိတ်ပင်သွားမှာပါ။
Photo: Tech Crunch
"ဒီသတင်းအရင်းအမြစ်တွေဟာ နိုင်ငံတစ်ခုရဲ့ ဗျူဟာမြောက် ကျောထောက်နောက်ခံပြုမှုနဲ့ မီဒီယာအဖွဲ့အစည်းတစ်ခုရဲ့ ဩဇာ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ လူတွေအနေနဲ့ သတင်းထုတ်ပြန်ချက်တစ်ခုဟာ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ ဩဇာသက်ရောက်မှု ရှိမရှိဆိုတာကို သိသင့်တယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။" လို့ လူမှုကွန်ရက်ကုမ္ပဏီက ကြာသာပတေးနေ့မှာ ထုတ်ပြန်ပါတယ်။
ကုမ္ပဏီအနေနဲ့ နိုဝင်ဘာမှာ ကျင်းပမယ့်၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ အကြိုအနေနဲ့ မီဒီယာတွေထဲက အခပေးကြော်ငြာထည့်ထားတာတွေကို အများသိအောင် စတင်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလို Label တပ်တာဟာ တစ်ကမ္ဘာလုံးက Facebook လူမှုကွန်ရက်စာမျက်နှာတွေအပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပြီး ဒီတစ်ပတ်အတွင်း လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ News Feed မှာ label တပ်ထားတာကို ပြသသွားမှာပါ။
Photo: Neowin
တကယ်လို့ အစိုးရထိန်းချုပ်ထားတဲ့ မီဒီယာစာမျက်နှာဆိုရင်တော့ "ယခုသတင်းဌာနသည် နိုင်ငံရဲ့သတင်းပိုင်းအား တစ်စိတ်တစ်ပိုင်းဖြစ်စေ တစ်ခုလုံးဖြစ်စေ ထိန်းချုပ်မှုအောက်မှာ ရှိနေပါသည်" လို့ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အမေရိကန်ပြင်ပမှ အစိုးရပိုင် သတင်းဌာနရဲ့ ကြော်ငြာတွေကို ပိတ်ပင်သွားမှာ မဟုတ်ပေမယ့် သူတို့ကိုလည်း label ထိုးပြသွားမှာပါ။
label တပ်မယ့် သတင်းဌာနတွေကို ရွေးချယ်ဖို့အတွက် Facebook ဟာ ကမ္ဘာတစ်ဝှမ်းမှ မီဒီယာပေါင်း ၆၅ ခုကျော် ၊ အစိုးရနဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူများနဲ့ တိုင်ပင်အကြံယူခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အစိုးရထိန်းချုပ်ခံ သတင်းဌာနတွေအဖြစ် Facebook မှ label ညွှန်းထားတဲ့ အထဲမှာ Russia Today ၊ Sputnik ၊ Xinhua News နဲ့ People Daily တို့ ပါဝင်နေပါတယ်။