နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ ပထမဆုံး တရုတ်နိုင်ငံသား အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

လာဘ်ငွေရယူမှုဖြင့် စွဲချက်တင်ခံရတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲဟောင်းကို တရုတ်အစိုးရက ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရပါတယ်။

(တရားခွင်မှာတွေ့ရသည့် မန်ဟောင်‌ဝေ) (Photo: Tianjin first intermediate court/AFP)

တရုတ်တရားရုံတစ်ရုံးက ယနေ့ (ဇန်နဝါရီ ၂၁ ရက်) ထောင်ဒဏ်ချမှတ်လိုက်တဲ့ မန်ဟောင်ဝေဟာ နိုင်ငံတကာရဲတပ်ဖွဲ့ (The International Criminal Police Organization - Interpol) ရဲ့ ပထမဆုံး တရုတ်နိုင်ငံသား အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက Interpol ဌာနချုပ်တည်ရှိရာ ပြင်သစ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့စဥ် ပျောက်ဆုံးသွားခဲ့ပါတယ်။



နောက်ပိုင်းမှာတော့ မန်ဟောင်ဝေကို သမ္မတရှီကျင်းဖျင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုအဖြစ် ဖမ်းဆီးထိန်းသိမ်းထားနဲ့ ၎င်းကို ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ကြောင်း တရုတ်အစိုးရက အတည်ပြုခဲ့ပါတယ်။ အသက် ၆၆ နှစ်အရွယ် မန်ဟောင်ဝေက လာဘ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်းကျော် ရယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

(Interpol အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့စဥ်က မန်ဟောင်ဝေ) (Photo: Interpol)

နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲဟောင်း မန်ဟောင်ဝေကို Tianjin No 1 Intermediate People's Court တရားရုံးက ဒဏ်ကြေငွေ ဒေါ်လာ ၂၈၉,၅၄၀ (တရုတ်ယွမ်ငွေ ၂ သန်း) ပေးဆောင်ရန်လည်း အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ တရားရုံးထုတ်ပြန်ချက်အရ မန်ဟောင်ဝေက ပြစ်ဒဏ်စီရင်မှုကို အယူခံဝင်မှာမဟုတ်ကြောင်း သိရပါတယ်။

မန်ဟောင်ဝေဟာ Interpol အကြီးအကဲမဖြစ်မီက တရုတ်အစိုးရရဲ့ အများပြည်သူလုံခြုံရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ မန်ဟောင်ဝေဟာ မူလက ၂၀၂၀ ခုနှစ်အထိ Interpol အကြီးအကဲအဖြစ် ဆောင်ရွက်ရန်ဖြစ်ပေမဲ့ ၎င်းပျောက်ဆုံးသွားကြောင်း ဇနီးဖြစ်သူက အကြောင်းကြားလာခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ပြီးသားဖြစ်ကြောင်း Interpol က ပြောခဲ့ပါတယ်။

(တရုတ်သမ္မတ ရှီကျင်းဖျင်နှင့်အတူ တွေ့ရသည့် မန်ဟောင်ဝေ) (Photo: Japan Forward)

မန်ဟောင်ဝေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းမှာ ၎င်းကို လာဘ်ငွေရယူကြောင်း သံသယရှိမှုဖြင့် စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ မန်ဟောင်ဝေဟာ ၎င်းရဲ့ရာထူးကို ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ နိုင်ငံ့ဘဏ္ဍာကို အသုံးအဖြုန်းကြီးတဲ့ ၎င်းရဲ့မိသားစုအတွက် သုံးစွဲခဲ့ကြောင်းနဲ့ ကွန်မြူနစ်ပါတီရဲ့ မူဝါဒ စည်မျဥ်းစည်းကမ်းတွေကို အလေးထား လိုက်နာမှုမရှိခဲ့ကြောင်း ကွန်မြူနစ်ပါတီက ပြောခဲ့ပါတယ်။

၎င်းကို ပါတီမှထုတ်ပယ်ခဲ့ပြီး အစိုးရ ရာထူးတာဝန်အားလုံးကနေလည်း ဖယ်ရှားခဲ့ကြောင်း ကွန်မြူနစ်ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ စောင့်ကြည့်အဖွဲ့ Central Commission for Discipline Inspection (CCDI) က ဆိုပါတယ်။ မန်ဟောင်ဝေက ၎င်းအပေါ် စွဲချက်တင်မှုမှာ အပြစ်ရှိကြောင်း ယမန်နှစ်အတွင်းက တရားခွင်တစ်ခုမှာ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ ၎င်းရဲ့ဇနီးဖြစ်သူကတော့ ယမန်နှစ်အတွင်း ပြင်သစ်မှာနေထိုင်ရန် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ပါတယ်။ သူမနဲ့ ကလေးနှစ်ဦးကို ပြန်ပေးဆွဲရန် ပစ်မှတ်ထားခံမယ့် အခြေအနေအပေါ် ကြောက်ရွံ့နေမိကြောင်း မန်ဟောင်ဝေရဲ့ ဇနီးဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က