Google ရဲ့ မိခင်ကုမ္ပဏီ Alphabet မှာ ရာထူးအပြောင်းအလဲတွေ ဖြစ်လာပြီး အခုဆို နိုဘယ်ဆုရ ဓါတုဗေဒပညာရှင်ပါ Alphabet ရဲ့ ၁၁ ဦီး ဘုတ်အဖွဲ့မှာ ရောက်လာပါပြီ။
Alphabet ဘုတ်အဖွဲ့ထဲ အသစ်ရောက်လာတဲ့ ဖရန်စ္စအာနိုးဟာ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှာ ဓါတုအင်ဂျင်နီယာ ၊ ဇီဝအင်ဂျင်နီယာနဲ့ ဇီဝဓါတုဗေဒပိုင်းမှာ သင်ကြားပြသနေတဲ့ ပါမောက္ခတစ်ယောက် ဖြစ်ပါတယ်။ အသက် ၆၃ နှစ် ရှိပြီ ဖြစ်တဲ့ သူမဟာ ၂၀၁၈ ခုနှစ်မှာ အင်ဇိုင်းတည်ဆောက်မှုပိုင်းမှာ ရှေ့ဆောင်ဦးရွက်ပြုခဲ့တာကြောင့် ဓါတုဗေဒနိုဘယ်ဆု ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။
Photo: skystatement
ဓါတုဗေဒပညာရပ်နဲ့ နိုဘယ်ဆုရခဲ့တဲ့ အမျိုးသမီးတွေထဲမှာ မစ္စအာနိုးဟာ ၅၀ ဦးမြောက် ပညာရှင်အမျိုးသမီးလည်း ဖြစ်ပါတယ်။ ဒီနိုဘယ်ဆုရှင်ဟာ Alphabet ရဲ့ဘုတ်အဖွဲ့ကနေ အနားယူသွားတဲ့ ရှာလီသေးလ်မန်းရဲ့ နေရာမှာ ရောက်ရှိလာမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ သီးသန့် stock တွေထဲက ကနဦး ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအနေနဲ့ ဒေါ်လာ ၁ သန်းလည်း ရမှာ ဖြစ်တယ်လို့ Reuters သတင်းက ဆိုပါတယ်။
၂၀၁၈ ဓါတုဗေဒနိုဘယ်ဆုရှင်ဟာ သန့်စင်စွမ်းအင်ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေကြောင့် ဆုတံဆိပ်အမျိုးမျိုး ချီးမြှင့်ခံထားရသူ ဖြစ်သလို အမေရိကန် အမျိုးသား သိပ္ပံ ၊ ဆေးနဲ့ အင်ဂျင်နီယာ အကယ်ဒမီ ၃ ကျောင်းမှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Alphabet ကို တည်ထောင်ခဲ့သူ လယ်ရီပေ့ချ်နဲ့ ဆာဂီဘရင်တို့ Alphabet ရဲ့ ခေါင်းဆောင်မှုပိုင်းကနေ ဆင်းပေးပြီးနောက် ကုမ္ပဏီအတွင်း ဖွဲ့စည်းမှု အပြောင်းအလဲမှာ အခုလိုမျိုး ဘုတ်အဖွဲ့မှာ လူအသစ် ခန့်လိုက်တာပါ။
Photo: Los Angeles Times
Google မှာ ၂၀၁၅ ခုနှစ်ကတည်း CEO အဖြစ် ထမ်းဆောင်ခဲ့တဲ့ ဆွန်ဒါပီချိုင်းကတော့ လယ်ရီပေ့ချ် ကိုင်ထားတဲ့ Alphabet CEO နေရာကို ဆက်ခံရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒေါ်လာ ဘီလျံ ၉၁၀ တန် Alphabet ပိုင် လုပ်ငန်းတွေ ဖြစ်တဲ့ မောင်းသူမဲ့ကားကုမ္ပဏီ Waymo ၊ ကျန်းမာရေးသိပွံလုပ်ငန်း Verily ၊ YouTube ဗွီဒီယိုပလက်ဖောင်း စတဲ့စတဲ့ လုပ်ငန်းအားလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့် ရသွားမှာပါ။
လယ်ရီပေ့ချ်နဲ့ ဆာဂီဘရင်တို့ကတော့ ဘုတ်အဖွဲ့ရဲ့ မဲပေးနိုင်မှုကို ချုပ်ကိုင်ထားဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ကမ္ဘာကျော် တရုတ် eCommerce လုပ်ငန်းစုကြီး ဖြစ်တဲ့ Alibaba ကို တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဂျက်မားဟာ ကုမ္ပဏီ ဥက္ကဌရာထူးက အနားယူပြီး ဒန်နီယယ်ဇောင်ကို ရာထူးလွှဲပေးခဲ့ပါတယ်။