သေနတ်သမားက ဈေးဝယ်စင်တာရှိ အလှပြင်ဆိုင်ထဲကို ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှာ ယနေ့ (ဖေဖေါ်ဝါရီ ၁၈ ရက်) မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: @Disaster_TH/Twitter)

ဘန်ကောက်မြို့ Victory ကျောက်တိုက်အနီးရှိ Century The Movie Plaza ဈေးဝယ်စင်တာမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ပုဂ္ဂိုလ်ရေးပြဿနာတစ်ခုဖြစ်ပြီး သေနတ်သမားက အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။



"တစ်ယောက်သေပြီး နောက်တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်" လို့ ထိုင်းရတပ်ဖွဲ့မှ ဗိုလ်မှူးကြီး Krissana Pattanacharoen က Reuters သတင်းဌာနကို အတည်ပြုခဲ့ပါတယ်။ သေနတ်သမားကို မည်သူဖြစ်ကြောင်း သိရှိထားပြီး ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

(Photo: @Disaster_TH/Twitter)

သေနတ်သမားက ၎င်းရဲ့ဇနီးဟောင်း အလုပ်လုပ်ကိုင်နေတဲ့ ဈေးဝယ်စင်တာရှိ အလှပြင်ဆိုင်ထဲကို ဝင်ရောက်လာခဲ့ပြီးနောက် ပစ်ခတ်ခဲ့ရာ ဇနီးဟောင်း သေဆုံးသွားပြီး အနီးအနားမှာရှိနေသူတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မှူးကြီး Krissana က ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဈေးဝယ်စင်တာဟာ အထပ်ကိုးထပ်ပါရှိပြီး အပေါ်ဆုံးထပ်မှ ရုပ်ရှင်ရုံများကြောင့် လူသိများတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Century The Movie Plaza ကို Victory ကျောက်တိုင် မိုးပျံရထားဘူတာရုံနဲ့ ဆက်သွယ်ထားပြီး မွန်းလွဲညနေပိုင်းတွေမှာ လူအသွားအလာ များပြားနေလေ့ရှိပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ The Icon Clinic အလှပြင်ဆိုင်ဖြစ်ပြီး ဈေးဝယ်စင်တာရဲ့ စတုတ္တထပ်မှာရှိကြောင်း သိရပါတယ်။

(Photo: @Disaster_TH/Twitter)

ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကို Phyathai Nawamin ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထိုင်းသတင်းဌာန Workpoint က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) ကလည်း ထိုင်းနိုင်ငံ Nakhon Ratchasima မြို့မှာ ထိုင်းစစ်သားတစ်ဦးက ပစ်ခတ်မှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ လူအစုအပြုံလိုက်ကို ပစ်ခတ်ခဲ့တဲ့ အဆိုပါ စစ်သားကို Nakhon Ratchasima မြို့ရှိ Terminal 21 ဈေးဝယ်စင်တာအတွင်း ခိုအောင်းနေခဲ့ရာ ထိုင်းကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က