စက်တင်ဘာလ စနေ၊တနင်္ဂနွေ ပိတ်ရက်တွေမှာ ဖွင့်ထားမှာပါ။

“ ပျော်ရွှင်ဖွယ်ရာ သုံးပတ်တာ၊ ဝန်ကြီးများရုံးမှာ” လို့ အမည်ပေးထားတဲ့ ပွဲတော်ကို စက်တင်ဘာလအတွင်း စနေ၊တနင်္ဂနွေ ပိတ်ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် လေ့လာနိုင်မယ်လို့သိရပါတယ်။

စက်တင်ဘာ ၁၄၊၁၅ရက်မှာ ၂၀ ရာစုခေတ်က ရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေအတိုင်း ပြန်လည် ကြည့်ရှုနိုင်ဖို့ ခေတ်ဟောင်းဓာတ်ပုံပြပွဲ၊ ၁၉၀၀ ခုနှစ်များဆီက မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအသုံးအဆောင်တွေကို ပြသထားပြီး အဆိုပါ ခေတ်ကာလက လူနေမှုဘဝတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၂၊၂၃ မှာတော့ ပြည်တွင်းထုတ် ရိုးရာကုန်ပစ္စည်းတွေ၊ အလှကုန်တွေနဲ့ အမျိုးသမီး ရိုးရာ အဝတ်အထည်တွေကို ရောင်းချပေးသွားမှာဖြစ်ပြီး Singapore Myanmar Investco Limited SMI မှလည်း အသုံးအဆောင်ပစ္စည်းတွေ၊ အနုပညာလက်ရာတွေကို ရောင်းချပေးမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈၊၂၉ မှာမိသားစုတွေ အတူတူလည်ပတ်နိုင်အောင် ပျော်ရွင်ဖွယ်ကစားနည်းတွေ၊ ကလေးငယ်တွေ ကစားလို့ရမယ့် နေရာတွေနဲ့ အနုပညာဖျော်ဖြေတင်ဆက်မှုတွေကို ကျင်းပပေးသွားမယ်လိုပ ဆိုပါတယ်။

ဒါ့အပြင် ကလေးတွေအတွက် ပုံပြင်ပြောပြခြင်းအစီအစဉ်၊ ၁၀ နှစ်အောက်ကလေးတွေ ကစားနိုင်တဲ့ ကစားကွင်းအပါအဝင် ပညာရေးအထောက်အကူပြု ကစားစရာတွေ စတဲ့ မိသားစုတွေအတွက် ပျော်ရွှင်ဖွယ်အချိန်တွေကို ဖန်တီးထားတယ်လို့ ဆိုပါတယ်။

“ ဝန်ကြီးများရုံးအနေနဲ့ နှစ်ပေါင်းများစွာပိတ်ထားခဲ့တယ်။ အခုဆိုရင် တချို့ရက်လေးတွေမှာမှ ဖွင့်ပေးတဲ့အခါကနေပြီးတော့ ရက်သတ္တပတ် ၃ ပတ်မှာ ပြည်သူတွေ အားလုံး သေချာလာရောက်လေ့လာနိုင်အောင် စပြီး ဖွင့်ပေးတာပါ။ ပြည်သူတွေ လာရောက်လေ့လာမယ်ဆိုရင် အရှေ့ဘက်ခြမ်းမှာ လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို အစီအစဉ်တွေ လုပ်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်” လို့ The Secretariat Yangonရဲ့ Commercial Directorဖြစ်သူ Mr Steven Stubblefieldက ပြောပါတယ်။

အဆိုပါ ဖွင့်လှစ်ထားတဲ့ သုံးပတ်တာကာလအတွင်း မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ အသစ်ပြင်ဆင်ဖွင့်လှစ်ထားတဲ့ ဝန်ကြီးများရုံးရဲ့ အရှေ့ဘက်ခြမ်းနဲ့ ကွင်းပြင်တို့ကို မည်သူမဆို လာရောက်လေ့လာနိုင်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာ သမိုင်းဝင် ဝန်ကြီးများရုံးကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အာဇာနည်နေ့တို့လို အထိမ်းအမှတ်နေ့တွေမှာ လာရောက်လည်ပတ်နိုင်အောင် ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။



Share

Loading Next Article...
က္က