ဝန်ကြီးများရုံးမှာ အသစ်စတင်ဖွင့်လှစ်မယ့် Cultural Wing မှာ မြန်မာနိုင်ငံက လက်မှု ပညာတွေ၊အနုပညာတွေနဲ့ နိုင်ငံတကာမှ လက်မှုပညာတွေနဲ့ အနုပညာတွေပါ ပါဝင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ-TS1
အဆိုပါ Cultural Wing မှာဝန်ကြီးများရုံး တောင်ဘက်ခန်းမမှာ ရှိပြီးတော့ TS1 အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ကိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း၊ပြည်ပ အနုပညာလက်ရာတွေအပြင် မိသားစုတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူလူထုတွေအားလုံးအတူတကွ လေ့လာနိုင်တဲ့နေရာတစ်ခုအဖြစ် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
အဆိုပါ ယဉ်ကျေးမှုခန်းမဆောင်မှာ ကျင်းပမယ့်ပွဲတွေ အားလုံးအတွက် အနုပညာစိတ်ကူးစိတ်သန်းတွေနဲ့ ဦးတည်ဆောင်ရွက်ချက်တွေအပေါ် စီစဉ်ပေးတာတွေ၊ ပြပွဲတွေနဲ့ လုပ်ငန်းစဉ်တွေလုပ်ကိုင်သွားမှာဖြစ်တယ်လိ့ု သိရပါတယ်။ ဝန်ကြီးများရုံးကို လက်ရှိမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပြီးတော့ ဝန်ကြီးများရုံးအတွင်းက အဆောက်အဦးတွေကို တစ်ဆင့်ပြီးတစ်ဆင့် အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။
ဝန်ကြီးများရုံး ပြန်လည် ပြုပြင်ရေးလုပ်ငန်းတွေ ပြီးစီးပါက အဆိုပါအထင်ကရ အဆောက်အဦးကို ယဉ်ကျေးမှုအနုပညာလက်ရာအပြင် ရန်ကုန်ရဲ့ အများပြည်သူ လေ့လာအပန်းဖြေနိုင်မယ့် နေရာသစ်တစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
“TS1 နဲ့ ဝန်ကြီးများရုံးက ယဉ်ကျေးမှု၊ အနုပညာနဲ့ ဆက်စပ်ပတ်သက်နေတာကို အားလုံးလက်လှမ်းမီနိုင်ပြီး အတူတူ လေ့လာခံစားနိုင်အောင် ဖန်တီးပေးချင်တဲ့ တူညီတဲ့ ရည်မှန်းချက်တွေရှိပါတယ်” လို့ ဝန်ကြီးများရုံးဟောင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။
ရန်ကုန်ရဲ့ ယဉ်ကျေးမှုဆိုင်ရာနေရာတစ်ခုအဖြစ် ဖန်တီးမယ့် အဆိုပါနေရာရဲ့ ယာယီပြခန်းတွေမှာ ရုပ်ကြွသရုပ်ဖော်ပုံတွေနဲ့ ပညာပေးလှုပ်ရှားမှုတွေပါ ပါဝင်မယ်လို့ သိရပါတယ်။