လွှတ်တော်မှာ လာရောက်ထွက်ဆိုရန်အတွက် ဥပဒေပညာရှင် လေးဦးကို ရွေးချယ်ခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရန့်က ပြည်တွင်းနိုင်ငံရေးပြိုင်ဘက်ကို အသာရနိုင်ရေး နိုင်ငံခြားအစိုးရတစ်ရပ်ရဲ့ အကူအညီရယူရန် အားထုတ်ကြိုးပမ်းခဲ့တဲ့ လုပ်ရပ်ဟာ ၎င်းကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားသင့်ကြောင်း အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူပညာရှင်သုံးဦးက လွှတ်တော်ကော်မတီရှေ့မှောက်မှာ သက်သေခံထွက်ဆိုခဲ့ကြပါတယ်။

(လွှတ်တော်မှာ လာရောက်ထွက်ဆိုခဲ့သည့် ဥပဒေပညာရှင် လေးဦး) (Photo: Mike Theiler/UPI)

နိုင်ငံခြားအစိုးရတစ်ရပ်ထံမှ အကူအညီရယူရန် သမ္မတထရန့်ရဲ့ အားထုတ်ကြိုးပမ်းမှုဟာ ပြစ်မှုမြောက်ပြီး တရားမျှတမှုကို နှောင့်ယှက်တားဆီးခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်းသုံးဦးက စွပ်စွဲခဲ့ပါတယ်။ သမ္မတထရန့်ကို စွပ်စွဲပြစ်တင်မှုကိစ္စနဲ့ပတ်သက်ပြီး အောက်လွှတ်တော် တရားစီရင်ရေးဆိုင်ရာကော်မတီမှာ လာရောက်ထွက်ဆိုရန်အတွက် ဥပဒေပညာရှင် လေးဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။



အဆိုပါ ဥပဒေပညာရှင်တွေအနက် သုံးဦးကို ဒီမိုကရက်တစ်အမတ်တွေက ရွေးချယ်ခဲ့ပြီး တစ်ဦးကိုတော့ ရီပတ်ဘလစ်ကင်တွေက ရွေးချယ်ခဲ့ပါတယ်။ ထရန့်ကို စွပ်စွဲပြစ်တင်ပြီး သမ္မတရာထူးမှ ဖယ်ရှားသင့်ကြောင်း ဒီမိုကရက်တစ်တို့ ရွေးချယ်ခဲ့တဲ့ ဥပဒေပညာရှင် သုံးဦးက သက်သေခံထွက်ဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AFP)

ရီပတ်ဘလစ်ကင်တို့ ရွေးချယ်ခဲ့တဲ့ စတုတ္တမြောက် ဥပဒေပညာရှင်ကတော့ သမ္မတထရန့်ရဲ့လုပ်ရပ်တွေဟာ မှားယွင်းခဲ့ပေမဲ့ စွပ်စွဲပြစ်တင်မခံရသင့်ကြောင်း လွှတ်တော်မှာ ထွက်ဆိုခဲ့ပါတယ်။ သမ္မတထရန့်က လာမယ့် ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ နိုင်ငံခြားစွက်ဖက်မှု အကူအညီရရန် တောင်းခံခြင်းဟာ နိုင်ငံရဲ့အကျိုးထက် ၎င်းရဲ့ ပုဂ္ဂလိကနိုင်ငံရေးအကျိုးစီးပွားကို ဦးစားပေးရာရောက်ကြောင်း အောက်လွှတ်တော်စုံစမ်းရေးကော်မတီက ဒီဇင်ဘာ ၃ ရက်မှာ ကောက်ချက်ချထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၃၀၀ ပါ အစီရင်ခံစာက စွပ်စွဲထားပါတယ်။

(ထရန့်ရဲ့ နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒန်) (Photo: Getty Images)

သမ္မတထရန့်က နိုင်ငံရေးပြိုင်ဘက်ဖြစ်သူ အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို အသာရနိုင်ရေး ယူကရိန်းသမ္မတကို ဖိအားပေး တောင်းဆိုမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းနိုင်ငံမှ ဓာတ်ငွေ့ကုမ္ပဏီ Burisma နဲ့ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်နေတဲ့ ဂျိုးဘိုင်ဒင်ရဲ့သားကို အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထရန့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ဖိအားပေးခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။

သမ္မတထရန့်ကတော့ ထိုစွပ်စွဲချက်နဲ့ပတ်သက်ပြီး အမှားလုပ်ထားခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ ထိုလုပ်ရပ်အတွက် သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုအား တရားဝင်အဖြစ်သတ်မှတ်ပြီး ဆက်လက်လုပ်ဆောင်ရန် အမေရိကန် အောက်လွှတ်တော်က အောက်တိုဘာ ၃၁ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

(ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် အမေရိကန်သမ္မတ ထရန့်) (Photo: AFP/Getty Images)

အောက်လွှတ်တော်က ထရန့်ကို စွပ်စွဲပြစ်တင်ရန် လုပ်ငန်းစဥ်အတွက် သက်သေများကို ဆင့်ခေါ်ကာ ကြားနာမှုတွေလည်း ပြုလုပ်ခဲ့တယ်။ ထိုသို့ သက်သေခံထွက်ဆိုရာမှာ သမ္မတအိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကောင်စီရဲ့ ရုရှားရေးရာကျွမ်းကျင်သူ တမ်မော်ရစ်ဆင်လည်း ပါဝင်ခဲ့ပါတယ်။

ယူကရိန်းအစိုးရက ထရန့်ရဲ့နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒန်ကို စုံစမ်းထောက်လှမ်းရန် ကတိပေးတဲ့အထိ အမေရိကန်က ယူကရိန်းကိုပေးမယ့် စစ်ဘက်ဆိုင်ရာ အကူအညီကို ဆိုင်းငံ့ထားမယ့်အကြောင်း ထရန့်နဲ့နီးစပ်တဲ့ သံတမန်တစ်ဦးက ထုတ်ပြောခဲ့တယ်လို့ မော်ရစ်ဆင်က အတည်ပြုထားပါတယ်။ မော်ရစ်ဆင်ဟာ အိမ်ဖြူတော်ကနေ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၇ ရက်) မှာ နုတ်ထွက်ခဲ့ကြောင်းလည်း သိရပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး သက်သေ တစ်ဒါဇင်နီးပါးက အောက်လွှတ်တော် စုံစမ်းကြားနာမှုမှာ လာရောက်ထွက်ဆိုခဲ့ကြပါတယ်။

Share

Loading Next Article...
က္က