ဆန်းချက်ဟာ မန်ယူကိုရောက်ပြီး ဒီကနေ့အထိ သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်သေးလို့ ယုံကြည်မှု ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ နည်းပြချုပ် ဆိုးလ်ရှားကတော့ အသင်းရဲ့ တိုက်စစ်မှာ သွင်းဂိုးတွေ ပျောက်ဆုံးနေတဲ့ ဆန်းချက်ကို ငရုတ်ဆီပုလင်းနဲ့ ဥပမာပေးပြီး အကြံပြုခဲ့တယ်လို့ Metro Sport သတင်းဌာနက ဖော်ပြပါတယ်။
ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်း လင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဆန်းချက်ဟာ မန်ယူကိုရောက်ပြီးနောက် သွင်းဂိုးတွေ ပျောက်ဆုံးနေသူဖြစ်ကာ ဒီလိုသွင်းဂိုးတွေ ပြန်ရဖို့ ဂိုးရှေ့ရောက်ရင် ယုံကြည်မှု ပြန်တည်ဆောက်ဖို့လိုတယ်လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။
“ဂိုးတစ်ဂိုးရပြီဆိုတာနဲ့ သူ့ရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်လို့ရပါပြီ၊ ဒါက ဘာနဲ့တူလဲ ဆိုတော့ ငရုတ်ဆီပုလင်း တစ်ပုလင်းလိုပါပဲ၊ မင်းမှာ ပင်ကိုယ်အရည်အသွေး ရှိပြီးသားပါ၊ ဒါပေမယ့် ဒီအတိုင်းတော့ အလိုလို ပေါ်မလာပါဘူး။ ကြိုးစားမှုနဲ့ လုံ့လစိုက်မှုတော့ လိုပါတယ်။ ဒီလိုပဲ ငရုတ်ဆီပုလင်းထဲက အချည်ရည်ဟာလည်း သူ့အလိုလိုတော့ အပြင်ကို မရောက်နိုင်ပါဘူး။ ကိုယ့်ဖက်က ညှစ်ထုတ်ပေးဖို့လည်း လိုပါတယ်။ ဒါဆို ဆန်းချက် သွင်းဂိုးတွေ ပြန်မြင်ရပါလိ့မ်မယ်” လို့ ဆိုးလ်ရှားက ဆန်းချက်ကို အကြံပြုသွားတာပါ။
ဆန်းချက်အနေနဲ့ ပြီးခဲ့တဲ့ အသင်းဟောင်း အာဆင်နယ်နဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး အပါအဝင် ဇန်နဝါရီကတည်းက ယနေ့အထိ ပွဲစဉ် ၃၇ ပွဲမှာ ၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားကတော့ နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ပြီးနောက် ယာယီနည်းပြအဖြစ် မန်ယူ အသင်းကို တာဝန်ယူကိုင်တွယ်နေသူ ဖြစ်ပြီး ဒီကနေ့မှာတော့ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲ ကစားဖို့ရှိနေပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ လင်ဂတ်နဲ့ မာရှယ်တို့ ဒဏ်ရာကိုယ်စီရနေချိန် ဆန်းချက်နဲ့ လူကာ ကူကို ခေါ်ဆောင်လာခဲ့တာလည်း တွေ့ရပါတယ်။