အဆိုပါနိုင်ငံခြားနှစ်ဦးဟာ ငွေလဲကောင်တာထဲ ဝင်ရောက်လာကာ အမေရိကန်ဒေါ်လာ (၁)သိန်းကို မြန်မာငွေနဲ့ ဝယ်ယူလဲလှယ်လိုကြောင်းပြောဆိုခဲ့ပြီးတော့ ဆိုင်ကပေးတဲ့ ဒေါ်လာအစစ်တွေကို သူတို့ဆီမှာ ပါလာတဲ့ ဒေါ်လာအတုတွေနဲ့လဲလှယ်သွားတာဖြစ်ပါတယ်။
ရန်ကုန်မြို့နယ်က ငွေလဲကောင်တာတစ်ခုမှာ အမည်မသိ နိုင်ငံခြားသားနှစ်ဦးဟာ ဒီဇင်ဘာလ(၁၇)ရက်နေ့ ညနေပိုင်းက အဆိုပါငွေလဲကောင်တာကိုရောက်ရှိလာကာ ဒေါ်လာအတုများနဲ့ ငွေများလဲလှယ်မှုဖြစ်ပွားခဲ့ပါတယ်။ အခုလို ဒေါ်လာအတုများနဲ့ လဲလှယ်သွားတဲ့ နိုင်ငံခြားသားနှစ်ဦးကိုတော့ ရန်ကင်းမြို့နယ်မှာ အမှုဖွင့်ထားပြီး စခန်းတာဝန်ရှိသူတွေအနေနဲ့ကလည်းရှာဖွေမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
“ အခုကျွန်တော်တို့ ဒီအမှုနဲ့ပဲ လေဆိပ်ကိုသွားနေတယ်။ ဖြစ်စဉ်က သူတို့က မြန်မာငွေတွေယူလာပြီးတော့ ဆိုင်ကနေ ဒေါ်လာတစ်သိန်းနဲ့ လဲလှယ်မယ်ဆိုပြီးလာတာ။ စာရင်းကိုင်ကောင်မလေးက ဒေါ်လာ ၁၀၀တန်တွေကို ၁သိန်းပြည့်အောင်ရေတွက်ပြီးပေးလိုက်တယ်။ စာရင်းကိုင်ပေးတဲ့ ဒေါ်လာ ၁သိန်းကို သူတို့ အိတ်ထဲထည့်သလိုနဲ့ အတုတွေနဲ့လဲပြီး ဒေါ်လာတွေကို ကောင်တာမှာပြန်တင်ထားတာ။ စာရင်းကိုင်ကို သူတို့ဆီက ပါလာတဲ့ မြန်မာငွေ (၅)သိန်းကိုပေးပြီး ကျန်တဲ့ ပိုက်ဆံကို ကားပေါ်ပြန်ယူအုံးမယ်ဆိုပြီး ထွက်သွားတယ်။အဲဒီကတည်းက ပြန်မလာတော့တာ။ သူတို့ကောင်တာမှာတင်ထားခဲ့တဲ့ ဒေါ်လာတွေကိုကြည့်လိုက်တော့ ဆိုင်ကပေးထားတာတွေမဟုတ်တော့ဘူး။ အတုတွေဖြစ်နေတာ” လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရန်ကင်းရဲစခန်းမှအမှုစစ်ကပြောပါတယ်။
ဆိုင်ကနေပေးလိုက်တဲ့ ဒေါ်လာ (၁၀၀)တန်အစစ်တွေနဲ့ သူတို့ယူဆောင်လာတဲ့ ဒေါ်လာ ၁၀၀တန်အတုတွေကို လဲပြီးထားခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါနိုင်ငံခြား နှစ်ဦးကို လိမ်လည်မှု၊ ငွေစက္ကူအတုကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။