ငမိုးရိပ် (ပထမအဆင့်) ရေပို့ပိုက်မကြီး ယိုစိမ့်နေတာကြောင့် ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်က မြို့နယ်အချို့မှာ ရေပေးဝေမှု ယာယီပြတ်တောက်နေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီကနေ့ မတ်လ ၂၇ ရက် မှာ ဖေ့စ်ဘုတ်စာမျက်နှာက တဆင့်ဖော်ပြထားပါတယ်။
မင်္ဂလာဒုံ၊မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ မြောက်ဒဂုံ၊တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ဒီကနေ့ မတ်လ ၂၇ ရက် ည ၈ နာရီအထိ ရေပေးဝေမှု ယာယီပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာန သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
Photo - Maung Maung Soe - Yangon Mayor fb
ရန်ကုန်မြို့တွင်းကို ရေပေးဝေနေတဲ့ ငမိုးရိပ် (ပထမအဆင့်)မှာ အချင်း ၃၆ လက်မ ရေပို့ပိုက်လိုင်းဟာ မတ်လ ၂၆ ရက် ည ၇ နာရီလောက်က မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းဆုံအနီးမှာ ပိုက်လိုင်းယိုစိမ့်ခဲ့တာကြောင့် အချိန်နှင့် တပြေးညီ ပြုပြင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“ ရေပြတ်တာကို ကြိုတင်မကြေညာထားတော့ အခက်အခဲတွေ အများကြီးပေါ့။ ကြိုသိခဲ့ရင်တောင် ရေလှောင်ထားလို့ရတာပေါ့။ မြန်မြန်ပြင်ပေးရင် ကောင်းတာပေါ့။ အခုက ရေက လုံးဝမရတော့ ဘာမှ လုပ်လို့မရ ဖြစ်နေတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ ဒေါ်အေးက Duwun ကိုပြောပါတယ်။
လက်ရှိမှာ ရေပိုက်လိုင်းပြုပြင်မှုတွေ အမြန်ဆောင်ရွက်နေပြီး ဒီကနေ့ ၈ နာရီလောက်မှာ ပြုပြင်ဆောင်ရွက်ပြီးစီးပြီး ရေပြန်လည်ပေးဝေနိုင်မယ်လို့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က အသိပေးကြေညာထားပါတယ်။