ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏပိုင်အဖွဲ့(YRTA)က အကုန်အကျခံပြေးဆွဲပေးနေတဲ့ ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ကို ဒုတိယအကြိမ်အဖြစ် မတ်လ(၄)ရက်နေ့မှာပြေးဆွဲမယ်လို့ သိရပါတယ်။
ပထမဆုံးအကြိမ်ခရီးစဉ်ကိုတော့ ဇန်နဝါရီလ(၂၁)ရက်နေ့က ရန်ကုန်ဆိပ်ကမ်းကနေထွက်ခွာခဲ့ပြီး ဇန်နဝါရီ(၂၆)ရက်နေ့မှာပဲ ရန်ကုန်ဆိပ်ကမ်းကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
“ (၄)ရက်နေ့မှာ ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးကို ဒုတိယအကြိမ်ပြေးဆွဲဖို့ ရန်ကုန်တောင်ပိုင်းခရိုင်ကိုအသိပေးပြီးဖြစ်ပါတယ်။ ကိုကိုးကျွန်းကိုလည်း လှမ်းအသိပေးပြီးဖြစ်တယ်။ဒါပေမယ့် လူဘယ်နှစ်ယောက်လိုက်မယ်ဆိုတာကတော့ မသိရသေးဘူး။ အားလုံးကိုတော့ အသိပေးပြီးဖြစ်တယ်” လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။
ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို YRTA ကနေ တစ်ခေါက်ကို သိန်း(၂၀၀)အကုန်ကျခံပြီးပြေးဆွဲပေးနေတာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ခရီးသည်အားလုံးကို သင်္ဘောပေါ်မှာပဲ ထမင်းကျွေးတာဖြစ်ပြီး ဒီစရိတ်တွေကလည်းသိန်း(၂၀၀)ထဲမှာပါပြီးဖြစ်လို့ ပြည်သူတွေဘက်ကအကုန်အကျခံစရာမလိုဘူးလို့ ဦးလှအောင်က ပထမတစ်ခေါက်ခရီးစဉ်မှာကတည်းက ရှင်းပြခဲ့ပါတယ်။ ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်အတွက် သဟာပတိသင်္ဘောကို ငှားရမ်းထားပြီး ဒီရေယာဉ်ဟာ ကုန်တန်ချိန်(၃၀၀)ကျော်နဲ့ ခရီးသည်(၆၀)ကျော်ကို တင်ဆောင်နိုင်တယ်လို့ သိရပါတယ်။