ခရီးစဉ်တစ်ကြောင်းကို သိန်း (၂၀၀)ကုန်ကျမှာဖြစ်ပါတယ်။

သင်္ဘောခရီးစဉ်တစ်ခုကို အသွား၊ အပြန် (၆)ရက်လောက်ကြာမြင့်ကာ ခရီးစဉ်တစ်လျှောက်မှာလည်း သင်္ဘောပေါ်မှာပဲ ထမင်းကျွေးသွားမှာဖြစ်ပြီး ဒီစရိတ်တွေကိုလည်း YRTAဘက်ကပဲ ကုန်ကျခံသွားမှာဖြစ်ပါတယ်။

photo- Min KoKo Oo

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံမှုနဲ့ ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ဇန်နဝါရီလ (၂၁)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ သင်္ဘောခရီးစဉ်တစ်ကြောင်းပြေးဆွဲနိုင်ရေးအတွက် သင်္ဘောငှားခ သိန်း(၂၀၀)ကို YRTA က အကုန်အကျခံပြီး ပြည်သူတွေဆီက အခကြေးငွေမယူပဲအခမဲ့ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

“ကျွန်တော်တို့ ဒီသင်္ဘောရဲ့ရေမိုင်အရ မောင်းနှင်ချိန်က အသွားနာရီ (၄၀)၊ အပြန်နာရီ (၄၀)ကြာမြင့်ပါတယ်။ ရာသီဥတုပေါ်မှာမူတည်ပြီး မောင်းနှင်ရမှာပါ။ အသွားအပြန်တစ်ခေါက်အတွက် YRTA က အဲဒီသင်္ဘောငှားရမ်းခအတွက် သိန်း(၂၀၀)ကျပ်ကို YRTAရဲ့ စီမံခန့်ခွဲမှု စရိတ်ထဲကနေကျခံပေးရမှာဖြစ်ပါတယ်။ ခရီးသည်တွေဆီက အခကြေးငွေမကောက်ခံပါဘူး။ ဒါပေမယ့် သင်္ဘောရီးစဉ်မှာ အပျော်သွားတဲ့သူတွေ နိုင်ငံခြားသားတွေကို ခွင့်ပြုမှာမဟုတ်သေးဘဲ လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ၊ ဝန်ထမ်းတွေနဲ့ တကယ်လိုအပ်တဲ့ ခရီးသည်တွေကိုသာ လိုက်ပါခွင့်ပြုမှာ ဖြစ်တယ်” YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အားလုံးကို အသွားအပြန် သင်္ဘောပေါ်မှာပဲ ထမင်းကျွေးမှာဖြစ်ပြီး ဒီစရိတ်တွေကလည်း သိန်း(၂၀၀)ထဲမှာ ပါပြီးဖြစ်လို့ ပြည်သူတွေအကုန်အကျခံစရာမလိုဘူးလို့ ဦးလှအောင်ကပြောပါတယ်။ ခရီးစဉ်အတွက် သဟာပတိ သင်္ဘောကို ငှားရမ်းထားတာဖြစ်ပြီး ဒီရေယာဉ်ဟာ ကုန်တန်ချိန်(၃၀၀)ကျော်နဲ့ ခရီးသည် (၆၀)ကျော်ကို တင်ဆောင်နိုင်တယ်လို့သိရပါတယ်။ ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးကို လတစ်လရဲ့ ပထမအပတ်တိုင်းမှာ ပြေးဆွဲပေးဖို့ စီစဉ်ထားပြီး ဇန်နဝါရီလ(၂၁)ရက်နေ့ ခရီးစဉ်စတင်ခြင်းဖြင့် ရန်ကုန်ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီး ဇန်နဝါရီလ(၂၆)ရက်နေ့မှာ ရန်ကုန်ကိုပြန်လည်ရောက်ရှိမှာလည်းဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က