ရန်ကုန်-မန္တလေး ရထားလမ်း အပါအဝင် ရထားလမ်းပိုင်း ၅ ခုကို အဆင့်မြှင့်တင်သွားမယ်လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်) ကနေ သိရပါတယ်။
ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ပဲခူး-မော်လမြိုင်၊ ရန်ကုန်-ပြည်နဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းတို့ကို အဆင့်မြှင့်တင်မှုတင်မှုတွေလုပ်ဆောင်နေရာ စီမံကိန်းပြီးစီးရင်တော့ ရထားပြေးဆွဲချိန်တွေ လျှော့ချနိုင်မယ်လို့ သွားလာပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ဖေဖော်ဝါရီ ၂၂ ရက်က မြန်မာ့မီးရထား အောက်မြန်မာပြည်ရုံးမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ရထားပြေးဆွဲချိန်ကို ကားနီးပါးလောက် မြန်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ စီမံကိန်းပြီးစီးရင်တော့ ၈ နာရီနဲ့ ပြေးမယ်ဆိုရင် ရန်ကုန်မြို့ထဲကနေ မန္တလေးမြို့ထဲကို ရောက်မှာပါ။ကျွန်တော်တို့ရဲ့ အားသာချက်က ဘူတာတွေက မြို့ထဲတွေမှာရှိတော့ ကားစီးပြီး အဝေးပြေးဝင်းကနေ မြို့ထဲလာမယ့်အချိန်နဲ့ ရထားစီးလာပြီး မြို့ထဲ ရောက်တဲ့အချိန်က တူတူလောက်ဖြစ်အောင် ကြိုးစားနေပါတယ်“ လို့ ဦးကျော်ကျော်မျိုးက ပြောပါတယ်။
လက်ရှိမှာ ရထားလမ်းအဆင့်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး လမ်းတွေကို အဆင့်မြှင့်တင်နေပြီး ရထားတွေ အန္တရယ်ကင်းအောင်၊ ပြေးဆွဲချိန်တွေ လျှော့ချနိုင်အောင်၊ ခရီးသည်နဲ့ ကုန်စည်များများသယ်နိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ရန်ကုန်-မန္တလေးရထားလမ်းကိုတော့ ၂၀၂၃ မှာ အပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ပြီး မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းကိုတော့ ညှိနှိုင်းတဲ့ အဆင့်ပြီးစီးခဲ့ရာ မကြာခင် လုပ်ငန်းစတင်မယ်လို့သိရပါတယ်။ ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းက ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီး အချက်ပြစနစ်ပြောင်းလဲပြီးစီးပါက အရင်က ပြေးဆွဲချိန် ၉ နာရီ ကြာမြင့်မယ့်အစား ၇ နာရီ အထိသာ ကြာမြင့်တော့မယ်လို့သိရပါတယ်။
ရန်ကုန်-ပြည်ရထားလမ်းပိုင်းမှာ ပြေးဆွဲချိန်လျှော့ချနိုင်အောင်လုပ်ဆောင်မှာဖြစ်သလို ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင်တင်ပြီးပါကလည်း ပြေးဆွဲချိန် ၂ နာရီ မိနစ် ၅၀ ကြာမြင့်မယ့်အစား ၁ နာရီ မိနစ် ၅၀ သာကြာမြင့်တော့မှာဖြစ်ပါတယ်။ ခရီးသည်တွေနဲ့ ကုန်စည်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ရထားလမ်းမကြီး ၄ ခုနဲ့ မြို့ပတ်ရထားလမ်းတို့က အဓိက သယ်ဆောင်နေတာဖြစ်တာကြောင့် ဒီစီမံကိန်း ၅ ခုကို ပထမအဆင့်အနေနဲ့ အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်) ကနေသိရပါတယ်။