ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အဝင်အထွက်ဂိတ်မှာ ဒီနေ့ စက်တင်ဘာ (၂၄) ရက်ကစပြီး ကုန်ကားမှအပ မည့်သည့်ယာဉ်အားလုံးကို ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူးလို့လည်း သိရပါတယ်။
ဝင်၊ထွက်ခွင့်ပြုထားတဲ့ ကုန်တင်ယာဉ်တွေမှာလည်း ယာဉ်တစ်စီးကို ယာဉ်မောင်းတစ်ဦး၊ ယာဉ်အကူတစ်ဦးသာ သွားခွင့်ပြုထားတယ်လို့လည်း ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုသိန်းက ပြောပါတယ်။
" လူတွေလည်း အဝင်အထွက်ပေးမလုပ်တော့ဘူး။ ဆိုင်ကယ်သမားလည်းပေးမထွက်တော့ဘူး။ ကယ်ရီသမားလည်း ပေးမထွက်ဘူး။ ပဲခူးအဝင်အထွက် အကုန်ပိတ်တယ်။ ကုန်ကားဆို စပါယ်ယာတစ်ယောက် ယာဉ်မောင်းတစ်ယောက် ပေါင်း ၂ ယောက်ပဲ ခွင့်ပြုတယ်။ ရန်ကုန်က စက်ရုံသမားတွေလည်း ပေးမဆင်းဘူး ပဲခူးကလည်း ပေးမဖြတ်ဘူး။ဒီနေ့ကစပြီး ဘယ်သူမှပေးမဝင်တော့ဘူး။"လို့ ပဲခူးတိုင်း ၊အင်းတကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုသိန်းကပြောပါတယ်။
ဓာတ်ပုံ-(TWN) ဒီနေ့မနက်မှာ ရန်ကုန်-ပဲခူးအဝင်အထွက်မှာစစ်ဆေးနေစဉ်
ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက်ကိုတော့ ကျောက်ကပ်ဆေးခြင်း၊ ကင်ဆာဓာတ်ကင်ခြင်း၊ ပုံမှန် ဆေးရုံ ဆေးခန်းပြသနေရခြင်း စသဖြင့် မဖြစ်မနေသွားရောက်ရမယ့် ကျန်းမာရေးကိစ္စ သွားလာသူတွေကို ယာဉ်မောင်း၊ လူနာနဲ့ လူနာအကူတစ်ဦး ကို ဖြတ်သန်းသွားလာခွင့်ပြုပေးနေတယ်လို့သိရပါတယ်။
စစ်ဆေးမှုတွေကိုတော့ ပဲခူးကနေ ရန်ကုန်အထွက်ဖြစ်တဲ့ ဝင်ဘော် တံတား စစ်ဆေးရေးဂိတ်မှာ မနက် (၃)နာရီခွဲကနေ ည (၁၂) နာရီအချိန်ထိ စောင့်ကြပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ဖောင်ကြီးဘက်က ဝင်၊ထွက်ဂိတ် မှာလည်း စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း၊ စစ်ဆေးမှုကိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ ကျန်းမာရေး ၊ လ.ဝ.က စတဲ့ တာဝန်ရှိ အဖွဲ့ အစည်းတွေက ပူးပေါင်း ဆောင်ရွက် နေတာဖြစ်တယ်လို့လည်းသိရပါတယ်။
လက်ရှိ ကိုဗစ်-၁၉ ပိုးကူးစက်မှုမြင့်မားနေတဲ့ ရန်ကုန်တိုင်းအတွင်းကို စက်တင်ဘာ (၂၁) ရက်ကစပြီး အိမ်မှာပဲနေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားပြီး ဒီကနေ့ စက်တင်ဘာ (၂၄) ရက်ကစပြီးတော့ ထုတ်ပြန်ထားတဲ့အမိန့်နဲ့ ပတ်သက်လို့ ပိုပြီး တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမယ်လို့လည်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေထံက သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါတယ်။
Share