ဆေးရုံကြီးကို ရောက်ရှိလာတဲ့လူနာက သာမန်ရောဂါလူနာသာဖြစ်ပြီး Corona ဗိုင်းရပ်စ် သံသယရှိတဲ့လူနာမဟုတ်ဘူးလို့ ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဒီကနေ့ ဇန်နဝါရီလ (၂၄)ရက်နေ့ နေ့လယ်ပိုင်းက Corona ဗိုင်းရပ်စ်သံသယရှိလူနာရောက်ရှိလာတယ်ဆိုတာမဟုတ်ဘဲ သာမန်ရောဂါဖြစ်ပွားတဲ့ လူနာတစ်ဦးသာဖြစ်တယ်လို့ ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားခဲ့ပါတယ်။ ဆေးရုံကြီးကို Corona ဗိုင်းရပ်စ်သံသယရှိလူနာတစ်ဦးရောက်ရှ်လာတဲ့ဆိုတဲ့သတင်း ဟုတ်၊ မဟုတ်ကို Duwun က ဆေးရုံကတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့
“ မဟုတ်ပါဘူး၊ ခုနကလည်း ဆရာ့ဆီကို ဖုန်းတွေဆက်ပြီးမေးကြတယ်။ တကယ်လို့သာ သံသယရှိတဲ့ လူနာရောက်ရှိလာတယ်ဆိုရင်လည်း ဆရာတို့သိရမှာပါ။ တကယ်လည်းမရောက်ရှိလာဘူး၊ ကြားလည်းမကြားမိဘူး” လို့ ရန်ကုန်ဆေးရုံကြီး ဆေးလူမှုဆက်ဆံဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
Corona ဗိုင်းရပ်စ်ရောဂါပိုးနဲ့ ပတ်သက်လို့ ပြည်သူတွေသတင်းအမှန်သိရှိအောင် တာဝန်ယူဆောင်ရွက်နေတဲ့ ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကိုဆက်သွယ်မေးမြန်းတဲ့ အခါမှာ
“သူ့ဘာသာ သာမန်ရောဂါခံစားနေရတဲ့လူနာပါ။ Corona ဗိုင်းရပ်စ်ရောဂါပိုး သံသယရှိတဲ့လူနာမဟုတ်ပါဘူး။ ဘာမှ စိုးရိမ်စရာလည်းမရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ မနေ့က ဝူဟန်ကနေဆိုက်ရောက်လာတဲ့ လေယာဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေပေမယ့် ဝူဟန်ကဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်မှာလည်း သံသယရှိလူနာတွေမပါရှိခဲ့ဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ Corona ဗိုင်းရပ်စ်ရောဂါပိုးကူးဆက်ခံရသူ (၅၀၀)ကျော်ရှိပြီး ဆေသုံးသူ(၁၇)ဦးထိရှိပြီလို့သိရပါတယ်။ သေဆုံးသူ(၁၇)လုံးကလည်း တရုတ်လူမျိုးတွေသာဖြစ်လို့ ပြည်ပကလူနာတွေကို ကူးဆက်မှုက သိပ်ပြီး စိုးရိမ်စရာမရှိဘူးလို့လည်း ဒေါက်တာခင်ခင်ကြီးကပြောကြားခဲ့ပါတယ်။