ရန်ကုန်မြို့မှ မြို့နယ် ၁၂ မြို့နယ်မှာ ရေပြတ်တောက်မှု ယာယီဖြစ်ပေါ်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
Photo - GlobalNewLightOfMyanmar
ဧပြီ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ဓာတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့ သစ်ကိုင်းတွေ ခုတ်ဖို့အတွက် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီးလုပ်ငန်းဆောင်ရွက်မယ်လို့ သိရပါတယ်။ ထို့ကြောင့်ညောင်နှစ်ပင် ရေသန့်စင်စက်ရုံမှာ ဓာတ်အားပြတ်တောက်မှာ ဖြစ်ပါတယ်။ ဓာတ်အားပြတ်တောက်မှုကြောင့် အဆိုပါစက်ရုံကနေ အဓိကရေပေးပို့နေတဲ့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်ကံ၊ သာကေတ၊ ဒေါပုံမြို့နယ်တွေမှာ ရေခေတ္တပြတ်တောက်မယ်လို့ အင်ဂျင်နီယာဌာန( ရေနဲ့ သန့်ရှင်းမှု) က သတင်းထုတ်ပြန်ထားပါတယ်။
Photo - World Bank Group
ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ ရေလှောင်ကန်တွေမှာ ရေဖိအားလျော့နည်းလာတာကြောင့် ရေကိုချွေတာစုဆောင်းအသုံးပြုဖို့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီက တိုက်တွန်းထားပါတယ်။
ရာသီဥတုပူပြင်းခြောက်သွေ့ပြီး ရေသုံးစွဲမှု များပြားလာခြင်း၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခြင်းတို့ကြောင့် ရေဖိအားလျော့နည်းကျဆင်းမှုများ လတ်တလော ဖြစ်ပေါ်လျက်ရှိတာကြောင့်ရေချွေတာစုဆောင်းအသုံးပြုနိုင်ကြဖို့ဆိုပြီး ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးကလည်း သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ရန်ကုန်မြို့တော်ကို သောက်သုံးရေစဉ်ဆက်မပြတ်ပေးဝေဖို့အတွက် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်နဲ့ ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှ ရေအား၊ လျှပ်စစ်ဓါတ်အားအသုံးပြုပြီး ရေတွန်းစက်တွေနဲ့ လည်ပတ်မောင်းနှင်ပေးဝေရတာဖြစ်ပါတယ်။
ရေလိုအပ်ချက်ရှိရင်တော့ အရှေ့ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၀၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၀၂၈၃၈၁၂၊ တောင်ပိုင်းခရိုင်ရုံး အတွက် ဖုန်း ၀၉၅၀၅၄၅၆၅ နဲ့ မြောက်ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၃၈၃၅၂၇၅ ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ်လို့ သိရပါတယ်။