လူနာများလာတဲ့အတွက် နေရာကြိုပြင်ဆင်ထားတာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ Covid 19 အတည်ပြုလူနာဦးရေ များလာတဲ့ အတွက် ဝေဘာဂီဆေးရုံမှာ ထားဖို့ နေရာမရှိတော့ရင် တောင်ဥက္ကလာပမြို့နယ်က မိခင်နှင့်ကလေးဆေးရုံတိုးချဲ့ဆောင်မှာ ထားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

ဝေဘာဂီဆေးရုံမှာ ပိုးတွေ့လူနာတွေထားဖို့ သတ်မှတ်ထားတဲ့လူအရေအတွက်ကျော်သွားရင် မိခင်နှင့်ကလေးဆေးရုံတိုးချဲ့ဆောင်မှာ လူနာတွေထားဖို့အတွက် တိုင်းကျန်းမာရေးအစည်းအဝေးကဆုံးဖြတ်ခဲ့တာကြောင့် အခုလို ကြိုဆင်ပြင်ဆင်ထားတာဖြစ်တယ်လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က Duwun ကိုပြောပါတယ်။



“ လူနာတွေထပ်တိုးလာရင် အဆင်သင့်ထားနိုင်ဖို့အတွက် ကျွန်တော်တို့ မိခင်နှင့်ကလေးဆေးရုံကြီးအဆောင်သစ်မှာပြင်ဆင်ထားပါတယ်။ အခုအဆောင်သစ်မှာဆို အများဆုံး လူနာ (၁၅၀)လောက်ထိထားနိုင်မယ်။ ပြီးတော့ အဆောက်အဦးကိုလည်း အဆင့်မီ တည်ဆောက်ထားတာဖြစ်တယ်။ ဓာတ်လှေကားတွေပါတယ်၊ပြီးတော့ မှန်တံခါးတွေကလည်း ခလုတ်အဖွင့်အပိတ်စနစ်တွေဆိုတော့ လေအဝင်အထွက်လည်းစိတ်ချရပါတယ်။ အဆောက်အဦတည်ဆောက်ထားတဲ့နေရာက လူနေရပ်ကွက်နဲ့လည်း ပေ(၂၀၀)လောက်ဝေးတော့ ပြည်သူတွေအတွက်လည်းစိုးရိမ်စရာမရှိပါဘူး” လို့ ဦးမိုးမြင့်ကပြောပါတယ်။

မိခင်နှင့်ကလေးဆေးရုံအဆောင်သစ်ကြီးမှာ ယခင်ကတည်းက စောင့်ကြည့်လူနာတွေထားခဲ့တာဖြစ်လို့ အခုပိုးတွေ့လူနာတွေကို ထားမယ်ဆိုပါကလည်း အခန်းအားလုံးမှာ ပြင်ဆင်ပြီးသားဖြစ်တယ်လို့သိရပါတယ်။ 

ပိုးတွေ့လူနာတွေကိုထားရှိပါကလည်း လူနာတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဆေးပစ္စည်းကိရိယာတွေလည်း အဆင်သင့် တပ်ဆင်ပြီးသားဖြစ်တယ်လို့ ဦးမိုးမြင့်ကပြောပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ Covid 19 အတည်ပြုလူနာ (၉၄)ဦးအနက် (၇၆)ဦးကရန်ကုန်ကဖြစ်ပြီး သေဆုံးသူ (၅)ဦးမှာလည်း (၃)ဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်းကဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က