တက္ကသိုလ်လေးခုကို ချိတ်ဆက်ပြေးဆွဲလို့ ရမယ့် ယာဉ်လိုင်းအသစ်တစ်ခုကို ဖေဖော်ဝါရီလမှာ တိုးချဲ့ပြေးဆွဲသွားမှာဖြစ်တယ်လို့ Omini Focus ကုမ္ပဏီမှ Chairman ဦးကျော်နေဝင်းက Duwun ကိုပြောပါတယ်။
(ဓါတ်ပုံ - ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ဘတ်စ်ကားများအား တွေ့ရစဉ်)
“လက်ရှိမှာ လမ်းကြောင်းသစ်အနေနဲ့ တက္ကသိုလ်လေးခုကို အခြေပြုမယ့်ချိတ်ဆက်မယ့် လမ်းကြောင်းတစ်ခုလုပ်မယ်။ တစ်နေရာနဲ့ တစ်နေရာကို သွားဖို့က လမ်းကြောင်းလိုအပ်နေတယ်။ အချင်းချင်း Knowledge ဖလှယ်ချင်တာတွေရှိနိုင်တယ်လေ။ နောက်ပြီးဘူတာကြီး၊ လေဆိပ်နဲ့ အဝေးပြေးကားကွင်းသုံးခုကို ချိတ်ဆက်မယ့် အစီအစဉ်လည်းရှိတယ် ” လို့သူကပြောပါတယ်။
အဆိုပါ ယာဉ်လိုင်းတွေကို ဖေဖော်ဝါရီလမှာ အကောင်အထည်ဖော်မှာဖြစ်ပြီးတော့ လှိုင်သာယာနည်းပညာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၂)နဲ့ စီးပွားရေးတက္ကသိုလ်တို့ကို ချိတ်ဆက်မှာပါ။
ပြေးဆွဲမယ့် ယာဉ်လိုင်းနာမည်ကိုတော့ University Shuttle (ဒါမှမဟုတ်) ယာဉ်လိုင်းနံပါတ် အသစ်တစ်ခုအဖြစ်နဲ့ ပြေးဆွဲမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ Omini Focus ကုမ္ပဏီအနေနဲ့ YBS ယာဉ်လိုင်း နံပါတ် ၅၆၊၂၀ ၊ ၈၃၊ ၉၈ ၊ ၉၉၊ လေဆိပ်တို့ကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။
YBS စနစ်က စတင်ခဲ့မှုဟာ ယခုသီတင်းပတ်အတွင်း နှစ်နှစ်ပြည့်ခဲ့ပြီး မကြာခင်မှာ ကတ်စနစ်နဲ့ စီးနင်းနိုင်ရန် လုပ်ဆောင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။