ယနေ့ (၂၃ ရက်နေ့) မနက် ၁ နာရီ ၃၅ မိနစ်အချိန်မှာ ဝူဟန်က လေယာဥ်တစ်စင်း ရန်ကုန်မြို့ကို ဆိုက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ကူးဆက်မြန် အဆုတ်ရောင်ရောဂါ ဗိုင်းရက်စ်သစ် Corona Virus စတင်ဖြစ်ပေါ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က လေယာဥ်တစ်စီးဟာ ယနေ့နံနက်မှာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး သတင်းရယူဖို့ သွားတဲ့ သတင်းထောက်များကို ရန်ကုန်လေဆိပ် ဆိုက်ရောက်ဧရိယာမှာ ကျန်းမာရေးစစ်ဆေးမှုများနဲ့ ပတ်သက်ပြီး လေဆိပ်တာဝန်ခံများက သတင်းရိုက်ကူးခွင့်မပြုသေးသလို မေးမြန်းမှုများကို တာဝန်ယူဖြေကြားခြင်းမျိုး မရှိသေးပါဘူး။

တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက် ၁၇ ဦးအထိ မြင့်တက်လာပြီး လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတ ယ်။ ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့ကနေ ထွက်ခွာတဲ့ လေယာဥ်နဲ့ ရထားခရီးစဉ်များကို ယနေ့ (ဇန်နဝါရီ ၂၃ ရက်) မှစပြီး ရပ်ဆိုင်းထားလိုက်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့ (၂၃ ရက်နေ့) မနက် ၁ နာရီ ၃၅ မိနစ်အချိန်မှာ ဝူဟန်က လေယာဥ်တစ်စင်း ရန်ကုန်မြို့ကို ဆိုက်ရောက်လာတဲ့အကြောင်း Yangon Heritage Trust ကို တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။










တွစ်တာမှာ ဒေါက်တာသန့်မြင့်ဦး ရေးသားထားတဲ့ စာ

Flight Tracker Website များမှာရှာဖွေကြည့်ရာမှာလည်း ဝူဟန်ကနေ ရန်ကုန်ကိုလာတဲ့ China Eastern MU 2659 လေယာဥ်ဟာ ၂၃ ရက်နေ့နံနက် ၁ နာရီ မိနစ် ၅၀ ကျော်မှာ ဆိုက်ရောက်တယ်လို့ တွေ့ရှိရပါတယ်။

https://www.airportia.com/ website မှ ရရှိတဲ့အချက်အလက်

ရန်ကုန်လေဆိပ်ကို ဒီနေ့မနက် ၁၁ ခွဲခန့်မှာ Duwun က သွားရောက်ပြီး သတင်းရယူခွင့်တောင်းခံရမှာ လေဆိပ်ပိုင်YACL ကုမ္ပဏီနဲ့ လေဆိပ်ပူးပေါင်းညှိနှိုင်းရေးကော်မတီကို ရိုက်ကူးရေးလုပ်မယ့်အကြောင်းအရာနဲ့ နေ့စွဲတွေကိုစာတင်ဖို့ တာဝန်ရှိသူတစ်ဦးက ပြောပြီး စာပြန်ကျဖို့က ဘယ်လောက်ကြာမယ်ဆိုတာကို ပြောလို့မရကြောင်း၊ ရိုက်ကူးခွင့်ပြုတဲ့စာပြန်ကျမှသာ ရိုက်ကူးခွင့်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဝူဟန်မြို့ကလာတဲ့ လေယာဥ် ဆိုက်ရောက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အတည်ပြုပေးဖို့ ပြောကြားရမှာလည်း ဖြေဆိုခွင့်မရှိဘူးလို့ အဆိုပါလေဆိပ်တာဝန်ရှိသူက ‌ပြောပါတယ်။

“မနက်က လေယာဉ်စိုက်တယ်ဆိုပြီး ပြောနေတဲ့ ကိစ္စတွေက အမတို့ကတော့ ပြောခွင့်မရှိဘူး စာတင်ပြီး ရိုက်ခွင့်ရရင်တော့ တာဝန်ရှိသူတွေပြောပါလိမ့်မယ်” လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

လေဆိပ်မှာ Duwun အပြင် တခြားမီဒီယာများမှ သတင်းထောက်များလည်း ရောက်ရှိနေပြီး သူတို့လည်း သတင်းရယူဖို့ ကြိုးစားနေရဆဲပါ။

“ကျွန်တော်တို့လည်းရောက်နေတာ ကြာပြီ။ ဖုန်းနံပတ်တစ်လုံးပြီး တစ်လုံးအဆင့်ဆင့်ပေးနေတာ။ နောက်ဆုံးကျတော့လည်း မရဘူး စာတင်တဲ့။ အရေးပေါ်ချက်ချင်းရိုက်ရမယ့် ကိစ္စတစ်ခုကို စတင်ပြီးစောင့်ခိုင်းတော့ ဘာထူးမှာလဲဗျာ” ဆိုပြီး လေဆိပ်ကိုရောက်ရှိနေတဲ့ သတင်းထောက်တစ်ဦးကပြောပါတယ်။

မန်နှစ် ဒီဇင်ဘာလကုန်းပိုင်းက ဝူဟန်မှာ စတင်တွေ့ခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ်ဟာ ယခုအခါ အဝေးကွာဆုံးနေရာအဖြစ် အမေရိကန်နိုင်ငံမှာလည်း ကူးစက်ခံရသူ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန် တရားမဝင် ရောင်းဝယ်ကြတဲ့ ဈေးတစ်ခုဟာ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ် ဖြစ်တယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေက ယုံကြည်ထားပါတယ်။ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုကြောင့် ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်) က လူတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၁၇ ဦးရှိလာကြောင်း ပြည်နယ်အစိုးရကို ကိုးကားပြီး တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။

တရုတ်နိုင်ငံတွင်း လေဆိပ်တစ်ခုတွင် စစ်ဆေးမှုများ ပြုလုပ်နေစဥ် (Photo : AP)

ထိုသတင်း မထုတ်ပြန်မီ နာရီပိုင်းအလိုမှာတော့ ဗိုင်းရပ်စ်ကြောင့် ဝူဟန်မှာ လူကိုးဦး သေဆုံးခဲ့ကြောင်း ထားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်း လူ ၅၇၁ ဦး ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ထိုင်းနိုင်ငံမှာ ၄ ဦး၊ ဂျပန်မှာ တစ်ဦး၊ တောင်ကိုရီးယားမှာ တစ်ဦး၊ ထိုင်ဝမ်မှာ တစ်ဦး၊ အမေရိကန်မှာ တစ်ဦးနဲ့ မကာအိုမှာ တစ်ဦး တွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။







ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဝူဟန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တဲ့ Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပြီး တိရိစ္ဆာန်ဟာ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ် ဖြစ်နိုင်ခြေအများဆုံးလို့ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က