လေထုညစ်ညမ်းမှုတိုင်းတာချက် မိုးဇလကသာအမှန်ဖြစ်ဟုဆို

ယခု ဖေဖော်ဝါရီလအတွင်းမှာ ရန်ကုန်မြို့ရဲ့ လေထုအတွင်း PM 2.5 လို့ ခေါ်တဲ့ ညစ်ညမ်းမှု အမှုန်အမွှားတွေ များပြားနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနကနေ သိရပါတယ်။

အဆိုပါ PM 2.5 လို့ခေါ်တဲ့ လေထုအမှုန်အမွှားတွေဟာ နွေရာသီ မတ်လကစတင်ဖြစ်ပေါ်လေ့ရှိပြီး အခုနှစ်မှာတော့ ဖေဖော်ဝါရီလကတည်းက စပြီး များပြားနေပြီလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဌာနမှူး ဦးချိုထွန်းအောင်က ပြောပါတယ်။

ဒီလို များပြားရတဲ့အကြောင်းရင်းမှာ လက်ရှိ ရန်ကုန်အနီးတစ်ဝိုက် ပတ်ပတ်လည် စပါးကွင်းတွေမှာ နောက်ရာသီအတွက် မီးရှို့ရခြင်း၊ ရန်ကုန်မြို့တွင်းမှာ အမှိုက်သစ်ရွက်သစ်ခြောက်တွေကို မီးရှို့ရခြင်း၊ စက်မှုဇုန်တွေက တစ်ဆင့်ထွက်တဲ့ မီးခိုးငွေ့ထွက်ခြင်း၊ ကားတွေက ထွက်တဲ့ မီးခိုးငွေ့တွေ၊ တည်ဆောက်ရေးလုပ်ငန်းကတစ်ဆင့် ဖုန့်မှုန့်တွေ ထွက်ခြင်းစတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

 “ လေထုညစ်ညမ်းမှုဟာ နှစ်တိုင်းပူတဲ့ရာသီ မတ်လက စပြီး ပိုဖြစ်တယ်။ PM 2.5 လို့ခေါ်တဲ့ အမှုန်အမွှားတွေက လေထုထဲမှာ ပိုများတယ်။ ဒီနှစ်ကတော့ ဖေဖော်ဝါရီလကတည်းက အမှုန်အမွှားတွေ များနေပြီ။ ဒါတွေကို လျှော့ချဖို့စည်ပင်သာယာတစ်ခုတည်းက လုပ်လို့မရဘူး။ဌာနပေါင်းစုံ ဝိုင်းဝန်းလုပ်ရမှာ” လို့ ဦးချိုထွန်းအောင်က ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကသာ အမှန်ဖြစ်တယ်လို့ ဦးချိုထွန်းအောင်က ဆိုပါတယ်။

“ မိုးလေဝသဦးစီးဌာနက ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒီအဖြေက နိုင်ငံတော်က တရားဝင်ထုတ်ပြန်တဲ့အတွက် အမှန်ကန်ဆုံးအခြေအနေဖြစ်ပါတယ်” လို့ ဌာနမှူးဦးချိုထွန်းအောင်က ဆိုပါတယ်။

လေထုညစ်ညမ်းမှုတွေကို တိုင်းတာရာမှာ တစ်နေရာတည်းကွက်ပြီး တိုင်းတာလို့မရသလို အနည်းဆုံး ၂၄ နာရီအချိန်ယူပြီး ခြုံငုံတိုင်းတာမှသာ အချက်အလက်အမှန်အကန်ရရှိမယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကို Air Quality ရန်ကုန်အဖွဲ့က နေ့စဉ်တိုင်းတာပေးနေပြီး သတင်းထုတ်ပြန်ပေးနေခဲ့ရာ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုက အနီရောင်အဆင့် အန္တရာယ်ရှိတဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၇ ရက်အထိ တိုင်းတာထားချက်အရ ရန်ကုန်မြို့ရဲ့ လေထုအခြေအနေမှာ အလယ်အလတ်အဆင့်ရှိနေပြီး ကျန်းမာရေးထိခိုက်မှုမရှိနိုင်ဘူးလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က