ဒီနှစ် ရန်ကုန်စည်ပင်သာယာရေးကော်မတီရဲ့ ဘတ်ချက်ထဲမှာ ခွေးလေခွေးလွင်တွေကို ရှင်းလင်းဖို့ ဘတ်ဂျက်ကျပ်ငွေ ၁၇၈ သိန်း သုံးစွဲသွားမယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းစည်ပင်သာယာရေးကော်မတီရဲ့ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊ ဌာနမှူး ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းအောင်က မီဒီယာတွေကို ပြောခဲ့တာပါ။ ရန်ကုန်မြို့မှာ ခွေးအကောင်ရေ တစ်သိန်းခွဲလောက်ရှိမယ်လို့ စည်ပင်က ခန့်မှန်းထားပြီး လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ခွေးအကောင်ရေဟာ ၇၀၀၀ လောက်ပဲရှိသေးတယ်လို့လည်း စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူကပြောပါတယ်။
လတ်တလောတော့ ခွေးအကောင်ရေ ၇၀၀ ကျော်လောက်ကို ဖမ်းဆီးပြီး ဂေဟာကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ခွေးတွေကို ဖမ်းဆီးစေချင်ရင် သက်ဆိုင်ရာ မြို့နယ်စည်ပင် ဥက္ကဌကနေ တဆင့် တင်ပြနိုင်တယ်လို့လည်း သိရပါတယ်။ ရန်ကုန်မြို့က လေလွင့်ခွေးတွေကို မျိုးပွားနှုန်းထိန်းတာ၊ မှတ်ပုံတင်ခိုင်းတာ၊ ခွေးရူးကာကွယ်ဆေးထိုးတာ၊ ဖမ်းဆီးပြီး ဂေဟာကိုပို့တာနဲ့ သုတ်သင်ရှင်းလင်းတဲ့ နည်းလမ်းတွေကိုသုံးပြီး လမ်းဘေးခွေးတွေ နည်းလာအောင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။